မရမ်းကုန်းမြို့ လောင်းကစားဝိုင်းမှာ တရုတ်နိုင်ငံသား ကိုးဦး အပါအဝင် ၅၀ ခန့် ဖမ်းဆီးခံရ
2024.05.12
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်၊ သိရီမွန်အိမ်ယာထဲက PAL Hotel မှာရှိတဲ့ လောင်းကစားဝိုင်းကို မေလ ၁၀ ရက်နေ့ မနက်အစောတစ်နာရီမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား ကိုးဦးနဲ့ မြန်မာနိုင်ငံသား ၃၈ ဦး အဖမ်းခံခဲ့ရတယ်လို့ မရမ်းကုန်းဒေသခံတွေက ပြောပါတယ်။
PAL Hotel ရဲ့ ဒုတိယထပ် လောင်းကစားခန်းမမှာ အလုပ်လုပ်ကိုင်နေသူတွေနဲ့ လောင်းကစားလာကစားတဲ့ တရုတ်နိုင်ငံသားတွေအပြင် လောင်းကစားဒိုင်တွေကိုပါ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
အဲဒီလောင်းကစားခန်းမဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်က စတင်ပေါ်လာတာလို့ အမည်မဖော်လိုတဲ့ မရမ်းကုန်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီလောင်းကစားခန်းမက တော်ရုံဆို လူသိပ်မသိဘူး။ ဟိုတယ်ကိုလာကြတယ်ပဲ ထင်ကြတာ။ အထဲမှာ အကြီးအကျယ် လောင်းကစားချနေကြတာ။ ၂၀၂၃ ခုနှစ်ကစပြီးပေါ်လာတာလို့ သိထားပါတယ်"
အခုလို ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း PAL Hotel ဘက်က ဒီနေ့အထိ ဧည့်သည်လက်မခံသေးဘဲ ခေတ္တပိတ်ထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း PAL Hotelကို ဝင်ရောက်ဖမ်းဆီးရာမှာ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ လောင်းကစားခုံ ကိုးခုံ၊ ဖဲထုပ် ၂၅၄ ထုပ်၊ လက်ကိုင်ဖုန်း ၃၈ လုံး၊ ကွန်ပျုတာတစ်လုံး၊ Tablet တစ်လုံး၊ ကျပ်ငွေ ၃၀၁ သိန်းနဲ့ ကား ၁၇ စီးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးထားသူတွေကို ဘုရင့်နောင်နယ်မြေ ရဲစခန်းမှာ အမှုဖွင့်လှစ်ထားပြီး တည်ဆဲဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။