ပလက်၀ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ လိုအပ်နေ
2019.07.23

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိတဲ့ ချင်းတိုင်းရင်းသား စစ်ဘေးရှောင်တွေဟာ ရိက္ခာသယ်ယူရာမှာ အကန့် အသတ်တွေရှိတာကြောင့် စားသောက်ရေးအတွက် အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေကို သွားရောက်ကူညီသူတွေက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ချင်းတိုင်းရင်းသားတွေဟာ ရခိုင်တပ်တော်နဲ့ အစိုးရတပ်မတော်တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာ မလောက်လုံသလို ညနေ ၆ နာရီလောက်ပိုင်း သွားလာရေးကို ကန့်သတ်ထားတာကြောင့် ကျန်းမာရေးအပြင် အခြားအခက်အခဲတွေ ရှိနေကြောင်း မင်းတပ်မြို့ဒေသခံ ဆလိုင်းမာန်ဟုန် က ပြောပါတယ်။
ပလက်ဝမြို့နယ်က တိုက်ပွဲတွေကြောင့် စာသင်ကျောင်း တစ်ရာကျော်ပိတ်ထားရပြီး ကျောင်းသားတွေမှာ ပညာရေး အတွက် အခက်အခဲတွေဖြစ်နေတာကြောင့် ချင်းပြည်နယ်ပြင်ပကို ကျောင်းသွားတက်နေရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ကျောင်းသားတွေဟာ မီးဇာကျေးရွာတခုထဲမှာ အားလုံးသွားတက်ရောက်နေတာကြောင့် စာသင်ခုံ မလုံလောက်တာ၊ သင်ရိုးညွှန်းတန်းမလောက်တာတွေကြုံရတဲ့အပြင် ကျောင်းဝတ်စုံ အခက်အခဲတွေလည်း ရှိနေတယ်လို့ သွားရောက်ကူညီသူတွေကပြောပါတယ်။
ပလက်ဝမြို့နယ် မောင်နှမကျေးရွာသား ၁၅၀ လောက်ဟာ အစိုးရတပ်မတော်နဲ့ ရခိုင်တပ်တော်တိုက်ပွဲတွေကြောင့် ဘဲချောင်းဝကျေးရွာကို ထွက်ပြေးတိမ်းရှောင်နေထိုင်ကြပါတယ်။
ဒီလိုနေထိုင်တဲ့ကျေးရွာသားတွေကို တပ်မတော်က ဒီလကကုန်မှာ မောင်နှမကျေးရွာကို ပြန်လည်နေထိုင်ဖို့ ဖိအားပေးတာတွေရှိနေပါတယ်။
တပ်မတော်က ဖိအားပေးနေတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ စစ်ဘေးဒုက္ခသည်တွေကို ဖိအားပေးပြီး ပြန်လွှတ်တာ မရှိသလို၊ ရိက္ခာသယ်ယူရေးအတွက် အကူအညီသာပေးတာဖြစ်တယ်လို့ ပြောပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)