အမ်းမြို့က ချင်းစစ်ပြေးဒုက္ခသည်ငါးရာ ရိက္ခာခက်ခဲနေ
2019.12.30

ရခိုင်ပြည်နယ် အမ်းမြို့နယ်က ကျေးရွာ ၈၀ ကျော်လောက်မှာ အရှိုချင်းတိုင်းရင်းသား သုံးသောင်းနီးပါး နေထိုင်ကြပါတယ်။
အဲဒီထဲက နှမ်းချောင်းကျေးရွာ အနီးမှာ နေထိုင်တဲ့ ဒေသခံ ၅၀၀ နီးပါးဟာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေကြောင့် ကျေးရွာတွေမှာ မနေရဲတော့ဘဲ အမ်းမြို့ပေါ် အပါအဝင် တခြားကျေးရွာတွေမှာ ထွက်ပြေး တိမ်းရှောင်နေရတာပါ။
နှမ်းချောင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်နေတာကြောင့် မနေရဲတော့ဘဲ ထွက်ပြေးလာကြတာလို့ နှမ်းချောင်းရွာသား ဆလိုင်းစန်းမြင့်ကပြောပါတယ်။
"တံတားရဲ့ အထက်ဖက်တွေမှာ တိုက်ပွဲတွေဖြစ်တယ်လို့တော့ သိရတယ်လေ ကျွန်တော်တို့ ရွာကို လက်နက်ကြီးတွေက ကျော်ပြီးလာတယ် ရွာအနောက်ဖက်တောင်တန်းတွေဆီကျတယ်။ ရွာက ကြောက်ပြီး အကုန်ထွက်ပြေးတယ်။"
အရှိုချင်းတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်က တောင်ကုတ်၊ ဂွ၊ သံတွဲ၊ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံ၊ အမ်း၊ မာန်အောင်၊ မအီ စတဲ့မြို့နယ် ၁၀ ခုမှာ လူဦးရေ ၈ သောင်းကျော် နေထိုင်တယ်လို့ အရှိုချင်းတိုင်းရင်းသား စာပေအဖွဲ့က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။
လက်ရှိ နှမ်းချောင်းရွာသားတွေဟာ နတ်မော်စာသင်ကျောင်းမှာ ခိုလှုံနေရတာကြောင့် ကျောင်းပြန်ဖွင့်ချိန်ဆို အခက်အခဲ ဖြစ်နိုင်တယ်လို့ အမ်းမြို့နယ် အရှိုချင်းစာပေယဉ်ကျေးမှုသင်တန်းဆရာ ဆလိုင်းရဲအောင်က ပြောပါတယ်။
ကျောင်းဖွင့်မှာကိုစိုးရိမ်နေကြတယ် ကျောင်းဖွင့်ရင် သူတို့ ဘယ်မှာနေရမလဲ မသိဘူးလေ
"စားဝတ်နေရေး တော်တော်လေး ခက်ခဲတယ်လို့ ပြောတယ်။ သူတို့ဘက်က မြို့ပေါ်ကလူတွေ သွားဖို့ ခက်ခဲတယ် အမ်းမြို့နဲ့က ၃၃ မိုင်လောက် ဝေးတယ်လေ။ သွားလာဖို့ သိပ်မသွားရဲကြဘူး။ တချို့တွေက နေဖို့အတွက်ကလည်း ကျောင်းဖွင့်မှာကိုစိုးရိမ်နေကြတယ် ကျောင်းဖွင့်ရင် သူတို့ ဘယ်မှာနေရမလဲ မသိဘူးလေ"
ပြီးခဲ့တဲ့လတုန်းက ရသေ့တောင်မြို့နယ်မှာရှိတဲ့ ချင်းကျေးရွာ နှစ်ရွာက ရွာသားတွေဟာ ကျေးရွာတွေနား တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီးကျည်ကျတာတွေကြောင့် မင်းပြားမြို့နယ် သူဌေးကုန်းကျေးရွာကို ထွက်ပြေး တိမ်းရှောင်းတာတွေရှိပါတယ်
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသားတွေဟာ AAနဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတာတွေ အများအပြားရှိပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ လူဦးရေ တစ်သိန်းကျော်ရှိပြီး ထက်ဝက်ကျော်ဟာ စစ်ဘေးဒဏ် ခံစားနေရတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
"ပလက်ဝမြို့နယ် လူဦးရေ တစ်သိန်းတစ်သောင်းမှာ တိုက်ပွဲက လေးမြို့ချောင်းမှာလဲဖြစ်တယ် ကုလားတန်မြစ်ရိုးမှာလည်းဖြစ်တယ် အနည်းဆုံးစစ်ဇုံပေါ့နော် ဖြစ်နေတာ လူဦးရေက အနည်းဆုံး ခြောက်သောင်းလောက်ရှိနေပြီ တိုက်ပွဲဖြစ်တဲ့ ဧရိယာမှာရှိတဲ့ လူဦးရေက။"
တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ချင်းတိုင်းရင်းသားတွေဟာ ထွက်ပြေးရတာတွေ၊ စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာ ရတာတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ အရှိုချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က RFA ကိုပြောပါတယ်။
"နှစ်ဘက်ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ အပစ်ရပ်စဲရေးစာချုပ် NCA လိုမျိုးမှာ အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး မြန်မြန်ရောက်ပြီး ငြိမ်းချမ်းရေးဆွေးပွဲနဲ့ သွားမယ်ဆိုရင် စစ်ပွဲတွေ မြန်မြန်ရပ်ပြီး တိုင်းရင်းသားတွေလဲ နေရထိုင်ရတာ အဆင်ပြေမယ်လို့ ပြောချင်ပါတယ်။"
အမ်းမြို့နယ် ရွာမောင်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီးကျည် ကျရောက်တာတွေကြောင့် ရွာမောင်း၊ မီးချောင်း၊ ညောင်ပင်ကုန်ကျေးရွာတွေက ရွာသား ၅၀၀ နီးပါးလည်း ရှမ်းကုန်းကျေးရွာကို ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခတို့ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
အမ်းမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ၁၈၀၀ နီးပါးရှိတယ်လို့ ကူညီ ဆောင်ရွက်နေသူတွေကပြောပါတယ်။
အလားတူ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် ရှိလာပြီလို့ အရပ်ဘက်အဖွဲ့တွေ ကောက်ယူထားတဲ့ စာရင်းတွေ အရသိရပါတယ်။