ချင်းအမျိုးသားနေ့ NUG သဝဏ်လွှာပေးပို့

2022.02.20
ချင်းအမျိုးသားနေ့ NUG သဝဏ်လွှာပေးပို့ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ကို CDF မင်းတပ် ထိန်းချုပ်နယ်မြေမှာ ၂၀၂၂ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပခဲ့စဉ်
Photo: CDF Mindat

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့နဲ့ ချင်းဒေသလွတ်လပ်ဖို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေက ခုခံတော်လှန်နေကြတဲ့အတွက် ဂုဏ်ယူပြီး ချင်းပြည်နယ်အတွက် ပါဝင်ကူညီနေ ကြသူတွေကိုလည်း ကျေးဇူးတင်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ NUG က အခုလို ဖော်ပြလိုက်တာဖြစ်ပါတယ်။

ချင်းတိုင်းရင်းသားတွေဟာ ခေတ်အဆက်ဆက် ပြည်ထောင်စုအရေး ကျရာကဏ္ဍကနေ တာဝန်ကျေခဲ့သူတွေဖြစ်သလို ချင်းတောင်တန်းဒေသဟာ ကချင်တောင်တန်းဒေသ၊ ဖက်ဒရယ်ရှမ်းပြည် (Federated Shan States)၊ ဗမာပြည်မ (Ministerial Burma) တို့နဲ့အတူ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သလို ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပြည်ထောင်စုတစ်ခုဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့ ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကို မင်းတပ်မြို့ CDF မင်းတပ်အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေမှာလည်း ကျင်းပခဲ့တယ်လို့ မင်းတပ် CDF က ပြောပါတယ်။

မင်းတပ်မြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးရုံးမှာတော့ စစ်ကောင်စီတပ်က လူတစ်ယောက် ကို ငါးထောင်ကျပ်ပေးကာ ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပနေတယ်လို့ မင်းတပ် မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလကစလို့ ချင်းပြည်နယ်က မြို့နယ်အသီးသီးမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ပေါက်လာပြီး စစ်ကောင်စီကို လက်ရှိအချိန်အထိ ရရာလက်နက်စွဲကိုင်ပြီး ခုခံတော် လှန်နေကြပါတယ်။

ထန်တလန်မြို့ဟာလည်း အဲဒီတိုက်ပွဲတွေအတွင်း မီးလောင်ကျွမ်းခဲ့ရလို့ မြို့လုံးကျွတ် တိမ်းရှောင်ရသူတွေရှိခဲ့သလို တခြားမြို့နယ်တွေမှာလည်း စစ်ဘေးတိမ်းရှောင်နေကြ ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။