ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး ချင်းပြည်ကောင်စီ ဖွဲ့စည်းမည်
2023.09.22
ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင် (၃)ရပ် ဖွဲ့စည်း ထူထောင်ဖို့နဲ့ ချင်းပြည်ကောင်စီဖွဲ့စည်းဖို့ သဘောတူခဲ့တယ်လို့ ချင်းပြည်ကောင်စီညီလာခံကျင်းပရေး လုပ်ငန်းကော်မတီ (Working Committee for Chinland Council Conference - WCCCC) က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ချင်းပြည်နယ်ကို လွှမ်းခြုံတဲ့ အစိုးရပေါ်ပေါက်ရေးအတွက် အခြေခံဥပဒေရေးဆွဲဖို့ သဘောတူခဲ့တယ်လို့ WCCCC ပြောရေးဆိုခွင့်ရှိသူ Dr. Naing Tam Maung ကပြောပါတယ်။
"တော်လှန်ရေး အရှိန်အဟုန်နဲ့ လုပ်နိုင်ဖို့အတွက် ချင်းပြည်နယ်အားလုံးကိုလွှမ်းခြုံတဲ့အစိုးရတစ်ရပ် ဥပဒေပြုရေးရော၊ တရားစီရင်ရောပေါလေ အဲတာမှ NUG အတွက်လည်း အများကြီးအထောက်အပံ့ဖြစ်မယ်ဆိုတဲ့အမြင်နဲ့ ကျွန်တော်တို့ အဲဒါကိုတော့ လုပ်ဖို့ ဖော်ဆောင်ဖို့ အခြေခံဥပဒေတစ်ရပ်ကို ဝိုင်းပြီးရေးဆွဲမယ်၊ အဲအခြေခံဥပဒေအပေါ် အခြေပြုပြီးတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ နောက်ပြီး တရားစီရင်ရေး ကဏ္ဍတွေဖော်ဆောင်သွားဖို့ သဘောတူထားပါတယ်"
ချင်းပြည်ကောင်စီ မျက်နှာစုံညီအကြိုအစည်းအဝေးကို စက်တင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ နယ်စပ်တစ်နေရာမှာ ကျင်းပခဲ့ပြီး ချင်းအမျိုးသားတပ်ဦး (CNF)၊ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ ၊ မြို့နယ်နဲ့ ဒေသအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၁၀၈ ဦး တက်ရောက်ခဲ့ပြီး သဘောတူဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။
ဒီအစည်းအဝေးကို ဖလမ်းမြို့နယ်ထဲက ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ၊ တီးတိန်မြို့နယ်က ဇိုမီးဖယ်ဒရယ်ယူနီယံ (ZFU) က ကိုယ်စားလှယ်တွေ မတက်ရောက်နိုင်ဘူးလို့ ဒေသအခြေစိုက်မီဒီယာတစ်ခုဖြစ်တဲ့ The Chin Journal မှာဖော်ပြထားပါတယ်။
ဒီအစည်းအဝေးကို ချင်းပြည်နယ်မှာရှိတဲ့ အဖွဲ့အစည်းအစည်းတွေအားလုံးကို ဖိတ်ကြားခဲ့ပေ့မဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင်သာ တက်ရောက်နိုင်ခဲ့ပြီး အားလုံးပါဝင်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း ညီလာခံကျင်းပရေးကော်မတီပြောခွင့်ရသူက ပြောပါတယ်။
ချင်းပြည်နယ်မှာ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကနေ လက်နက်ကိုင်တော်လှန်ခဲ့ကြပြီး စစ်ရေးကိစ္စတွေပူးပေါင်းဆောင်ရွက်ဖို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ချင်းအမျိုးသားတပ်ဦး နဲ့ ချင်းလူမျိုးတွေနေထိုင်ရာ မြို့နယ်/ဒေသအလိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး Chinland Joint Defense Committee (CJDC) ကိုဖွဲ့စည်းခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံရေးအရဆောင်ရွက်ဖို့အတွက် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ Interim Chin National Consultative Council - ICNCC )ကိုလည်း ၂၀၂၁ ဧပြီလ ၁၃ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။
WCCCC ကဦးဆောင်ပြီး တော်လှန်ရေးကာလ ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ မူးကြမ်းရေးဆွဲတာနဲ့ ချင်းပြည်ကောင်စီညီလာခံကို ၂၀၂၃ နှစ်မကုန်ခင်မှာ ကျင်းပဖို့ သဘောတူခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလကုန်က စစ်ကိုင်းတိုင်း အတိုင်ပင်ကောင်စီဖွဲ့စည်းနိုင်ဖို့အတွက် စစ်ကိုင်းဖိုရမ် ကျင်းပခဲ့သလို ကယားပြည်နယ်မှာလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကို အဖွဲ့ဝင်ခြောက်ဦးနဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ နေ့က ဖွဲ့စည်းခဲ့ပါတယ်။