တပ်မတော်က ကလေးစစ်သား ၅၃ ယောက် ပြန်လွှတ်ပေး
2015.11.30
မြန်မာ့တပ်မတော်က ကလေးစစ်သား ၅၃ ယောက် ဒီနေ့ပြန်လွှတ်လိုက်ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာကူညီရေးဆိုင်ရာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Renata Lok- Dessallien က “ဒီကနေ့ ကလေးစစ်သားတွေ ပြန်လွှတ်လိုက်တာဟာ ကလေးတွေကို စစ်သားတွေအဖြစ် ဆွဲခေါ်သုံးစွဲနေတဲ့ လုပ်ရပ်ဆိုး ပပျောက်သွားအောင် မြန်မာအစိုးရနဲ့ တပ်မတော်တို့ ဆက်လက်အားထုတ်နေတဲ့ အကျိုးရလဒ် ပဲဖြစ်ပါတယ်၊ အဲဒီကလေးတွေ သူတို့မိသားစုတွေဆီ ပြန်သွားကြတာကို မြင်ရတော့ ဝမ်းမြောက်ကြည်နူးမိပါတယ်။ ကလေးစစ်သားသုံးစွဲမှု လုံးဝပပျောက်သွားအောင် အခုလို ဌာနအဖွဲ့အစည်းဆိုင်ရာ စစ်ဆေးမှုတွေ ဆက် လက်ဆောင်ရွက်သွားဖို့ မျှော်လင့်ပါတယ်လို့ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။” လို့ ပြောပါတယ်။
မြန်မာ့တပ်မတော်က ဒီနှစ်အတွင်း ကလေးစစ်သား ၁၄၆ ယောက် ပြန်လွှတ်ခဲ့ပါတယ်။ ကလေးစစ်သား အသုံးမပြုဖို့ ကုလသမဂ္ဂနဲ့ လက်မှတ်ရေးထိုးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ဒီကနေ့အထိ ၆၉၉ ယောက် ပြန်လွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
အလားတူ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း ကလေးးစစ်သားသုံးစွဲတာတွေ ရပ်ဆိုင်းကြဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့စာရင်းအရ ကလေးစစ်သား ဆက်လက်အသုံးပြုနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့ရှိရာမှာ၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တို့ ပါဝင်ကြပါတယ်။
ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း အခုလိုကလေးစစ်သားတွေ ပြန်လွှတ် လိုက်တဲ့ ကြေညာချက်ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။