တရုတ်ကနေ စစ်ကောင်စီကို လက်နက်ထောက်ပံ့တာရပ်ဖို့ ဒေါ်ဇင်မာအောင်ပြော

RFA Burmese
2024.04.28
တရုတ်ကနေ စစ်ကောင်စီကို လက်နက်ထောက်ပံ့တာရပ်ဖို့ ဒေါ်ဇင်မာအောင်ပြော ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၃ဝ ဝါရှင်တန်ဒီစီမြို့တော်တွင် အမေရိကန်ရောက် မြန်မာများနှင့် တွေ့ဆုံပွဲ တက်ရောက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်။
Photo: Ministry of Foreign Affairs - Myanmar - NUG

တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီကို လက်နက်ထောက်ပံ့ပေးနေတာ ရပ်တန်းကရပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဒီလက်နက်တွေသုံးပြီး ကိုယ့်ပြည်သူတွေကို ပြန်သတ်ဖြတ်နေတာကြောင့် အိမ်နီးချင်းတရုတ်အနေနဲ့ လက်နက်ရောင်းချတာ၊ ငွေရေးကြေးရေး ထောက်ပံ့တာတွေကို ရပ်ဖို့တောင်းဆိုတယ်လို့ ဧပြီလ ၂၈ ရက် ဒီကနေ့ ဘရပ်ဆဲလ်မှာ South China Morning Post သတင်းစာနဲ့ မေးမြန်းစဉ် ပြောဆိုတာဖြစ်ပါတယ်။

NUG အစိုးရအနေနဲ့ ဒီတောင်းဆိုချက်ကို တရုတ်အစိုးရဆီ စာရေးပေးပို့ထားပေမဲ့ တရုတ်ဘက်က စာလက်ခံရရှိကြောင်းသာ အကြောင်းပြန်ပြီး ဘာမှတုံ့ပြန်တာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

တရုတ်ဟာ မြန်မာစစ်ကောင်စီကို စစ်ရေးအရ အဓိကကျောထောက်နောက်ခံပေးထားတဲ့ နိုင်ငံဖြစ်တယ်လို့ လေ့လာတွေ့ရှိချက်တွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာလည်း အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံလောက် တန်ဖိုးရှိတဲ့ စစ်လက်နက်တွေ တင်သွင်းခဲ့ပြီး၊ အဲဒီစစ်လက်နက်တွေဟာ ရုရှား၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေကနေ လာတာလို့ ဖော်ပြထားပါတယ်။

အာဆီယံနိုင်ငံတွေအနေနဲ့လည်း စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေကနေ ဖယ်ထုတ်ထားဖို့ ဒေါ်ဇင်မာအောင်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

အခုလက်ရှိ အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့သူတွေကိုသာ ဖိတ်ကြားပြီး တက်ရောက်ခွင့်ပေးတယ်ဆိုပေမဲ့ အဲဒီလိုသွားတက်ခွင့်ရသူတွေဟာ အစိုးရယန္တရားထဲမှာ တာဝန်ယူထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဧပြီလ အစောပိုင်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကို ဒရုန်းတွေ လွှတ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို နေပြည်တော်ကို ဦးတည်တဲ့ ဒရုန်းတိုက်ခိုက်တာတွေ ဆက်ရှိလာဦးမလားလို့ သတင်းထောက်ရဲ့ မေးမြန်းချက်ကို ဒေါ်ဇင်မာအောင်က ရှိလာဦးမယ်လို့ ဖြေဆိုခဲ့ပါတယ်။

ဒီလိုဒရုန်းလွှတ်တိုက်ခိုက်မှုဟာ စစ်ကောင်စီကို ဖိအားပေးဖို့ NUG အစိုးရရဲ့ စစ်ရေးဗျူဟာတစ်ရပ်ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။