သက်သေခံလက်မှတ် CI ထုတ်ပေးတဲ့ စခန်းတွေကို မြန်မာနဲ့ ထိုင်းအစိုးရ စစ်ဆေး


2017.10.09
thai-workers-622.jpg CI စာအုပ်အလိမ်ခံရသော မြန်မာလုပ်သားများ မြန်မာသံရုံး သံအရာရှိရုံးအနီး တိုင်ချက်ဖွင့်ရန် စောင့်ဆိုင်းနေစဉ်
Photo: Ye Min's facebook

ထိုင်းနိုင်ငံမှာ အထောက်အထား သက်သေခံလက်မှတ် CI ထုတ်ပေးတဲ့ စခန်းတွေမှာ ငွေကြေးတောင်းခံတာတွေ ရှိတယ်ဆိုတဲ့ တိုင်ကြားမှုတွေကြောင့် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးတာတွေရှိတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့ အစည်းတွေက ပြောပါတယ်။

CI စခန်းတွေမှာ မသမာမှုတွေရှိနေသလို ပွဲစားတွေက ငွေကြေးအရမ်းတောင်းနေတာတွေကို မြန်မာဘက်နဲ့ ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေက သီးသန့်စီ ဝင်စစ်ကြတာဖြစ်တယ်လို့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"မြန်မာနိုင်ငံအလုပ်သမားရေးရာ ညွှန်ချုပ်ပေါ့နော်၊ လာရောက်ပြီးတော့ သူ့အဖွဲ့နဲ့သူ CI စခန်းတွေမှာ မသမာ မှုတွေ၊ ဝင်ခတောင်းဆိုတာတွေ၊ ပွဲစားတွေတောင်းဆိုတာတွေ ဒါတွေကို ထိုင်းနိုင်ငံအနှံ့မှာ ဖွင့်ထားတဲ့စခန်းတွေ ကို စစ်ဆေးခြင်းဖြစ်တယ်။ ထိုင်းဘက်ကတော့ မြန်မာပွဲစားတွေက ငွေကြေး မတရားတောင်းနေတာတွေ၊ CI စခန်းတွေမှာဝင်ပြီးတော့ ပွဲစားတွေက စိုးမိုးပြီးတော့ သာမာန်ရိုးရိုးသားသား CI လာလုပ်တဲ့ အလုပ်သမားတွေဆီ ကနေ ဝင်ကြေးဆိုတာမျိုး ကောက်နေတာတွေကို ထိုင်းအာဏာပိုင်တွေက သူတို့နည်း သူတို့ဟန်နဲ့ စစ်ဆေးနေ တာဖြစ်ပါတယ်"

မြန်မာနိုင်ငံဘက်က အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အောက်တိုဘာ ၃ ရက်နေ့ကနေ ၈ ရက်နေ့အထိ လိုက်လံစစ်ဆေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဘက်ကလည်း အချို့ CI ထုတ်ပေးတဲ့ စခန်းတွေမှာ အရပ်ဝတ်နဲ့ စောင့်ပြီး ပွဲစားတွေကို ဖမ်းဆီးတာတွေ လုပ်နေတယ်လို့လည်း ကိုရဲမင်းက ပြောပါတယ်။

တရားဝင်အထောက်အထား သက်သေခံလက်မှတ်ကို အလုပ်ရှင်ကိုယ်တိုင်လုပ်ပေးရတာကြောင့် ထိုင်းအလုပ် ရှင်တွေကိုယ်တိုင် သွားလုပ်တဲ့အခါမှာ စခန်းဂိတ်ပေါက်မှာ ငွေတောင်းနေတာတွေကို မကျေနပ်လို့ တိုင်ကြား တာကြောင့် ထိုင်းအစိုးရဘက်ကလည်း အခုလို စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။

CI လုပ်ဖို့အတွက် အလုပ်သမားတစ်ယောက်ကို တရားဝင်ကုန်ကျစရိတ်က ဘတ် ၂၀၀၀ လောက်သာရှိပေမယ့် ပွဲစားတွေနဲ့ဆိုရင် ဘတ် ၅ ထောင်ကနေ ၁ သောင်းအထိ ပေးနေရတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။