ချောင်းသာမှာ PDF ဆက်စပ်စွပ်စွဲချက်နဲ့ ဒေသခံ ၄၀ ခန့် ဖမ်းဆီးစစ်ဆေးခံရ

RFA Burmese
2024.03.01
ချောင်းသာမှာ PDF ဆက်စပ်စွပ်စွဲချက်နဲ့ ဒေသခံ ၄၀ ခန့် ဖမ်းဆီးစစ်ဆေးခံရ ချောင်းသာကမ်းခြေ တစ်နေရာအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့နယ်ခွဲက ရခိုင်ရိုးမနဲ့နီးတဲ့ ကျောက်ပုံနဲ့ ချောင်ခွကျေးရွာနှစ်ရွာမှာ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇန်နဝါရီလ ပထမပတ်ကနေ ဖေဖော်ဝါရီလ ပထမပတ်အတွင်း လူ ၄၀ ခန့် ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးချိန် ကျောက်ပုံရွာက နေအိမ် အလုံး ၃၀ နဲ့ ချောင်းခွရွာက နေအိမ် ၁၁ လုံးကိုလည်း ဖျက်ဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အဲဒီရွာတွေမှာရှိတဲ့ ပြည်သူ အယောက်လေးဆယ် နီးပါးကို PDF ထောက်ပံ့တယ်ပေါ့နော်။ ဖမ်းဆီးမှုတွေ လုပ်တယ်။ တချို့ကလည်း ပြန်လွတ်သလို၊ တချို့ကလည်း လက်ရှိအချိန်အထိ မလွတ်ကြသေးဘူးပေါ့နော်။ အိမ်ခြေကတော့ လက်ရှိ အစ်ကိုတို့ ရထားတဲ့ စာရင်းအရ လေးဆယ့်တစ်လုံးပေါ့နော်"

ဒေသခံတွေကို ပုသိမ်မြို့မှာရှိတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ စစ်ဆေးနေတာရှိသလို ပုသိမ်အကျဉ်းထောင်ကိုပါ ပို့ဆောင်ထားတာလည်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲက လူ တစ်ဆယ်ကျော် ပြန်လွတ်လာပေမဲ့ ကျန်တဲ့လူတွေကတော့ ဒီနေ့အထိ ပြန်လွတ်လာတာမရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

ကျောက်ပုံနဲ့ ချောင်းခွရွာက ဒေသခံအားလုံးကို တခြားနေရာကိုပြောင်းရွှေ့ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြော ဆိုထားတာကြောင့် လက်ရှိမှာ ရွာနှစ်ရွာက နေအိမ် ၇၀ ကျော်ပြောင်းရွှေ့ထားရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေကတော့ အခြားကျေးရွာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲဒီဘက်က မိသားစု ငါးစုလောက် ဒီဘက်လွတ်မြောက်ရာကို ရောက်လာတယ်။ ရောက်လာတဲ့အခါ မေးတဲ့အခါမှာတော့ သူတို့ရွာမှာ ဆက်နေလို့မရတဲ့ အဓိက အကြောင်းအရင်းကတော့ တောင်ပေါ်တက်လို့ မရဘူး။ သူတို့ ရိုးရိုးသားသား ရှာဖွေစားသောက်ခွင့်တွေကို ပိတ်တယ်။ အဝင်အထွက်တွေကို စစ်ဆေးတယ်။ နောက်ပြီး တအားခြိမ်းခြောက်တာတွေ၊ တင်းကျပ်တာတွေရှိတယ်"

ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်ကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းကလည်း ဧရာဝတီတိုင်း ရေကြည်၊ ငသိုင်းချောင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်ထဲက အသုတ်မြို့တွေမှာ PDF အဖွဲ့နဲ့ဆက်စပ်ပြီး ဒေသခံ လေးဆယ်ဝန်းကျင် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။