တံတားနာမည် ကန့်ကွက်ကြောင်း လက်မှတ်တွေ သမ္မတဆီပေးပို့
2017.05.02

မော်လမြိုင်နဲ့ ချောင်းဆုံကို ဆက်သွယ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီးလူးကျွန်း)ဆိုတဲ့ တံတားအမည်ကို ကန့်ကွက်တဲ့ လတ်မှတ်တွေကို တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ နိုင်ငံတော်သမ္မတဆီ ဒီနေ့ ပေးပို့လိုက်တယ်လို့ သံလွင်တံတား(ချောင်းဆုံ)ဆိုင်ရာ လှုပ်ရှားမှုကော်မတီက ကိုမင်းအောင်မွန်က ပြောပါတယ်။
မူလက သံလွင်တံတား(ချောင်းဆုံ) အမည်ကနေ ဗိုလ်ချုပ်အောင်ဆန်းတံတားအမည် ပြောင်းလဲလိုက်တဲ့အပေါ်မှာ ကန့်ကွက်တဲ့ လတ်မှတ်ပေါင်း ကိုးသောင်းကျော်ကို ပေးပို့ခဲ့တာဖြစ်တယ်လို့ ကိုမင်းအောင်မွန် ကပြောပါတယ်။
"အခုလောလောဆယ် လက်မှတ်အားလုံး ဖုန်းနဲ့ ဆက်သွယ်ရတာက တစ်သိန်းနှစ်သောင်းကျော်ရှိမယ်၊ လတ်မှတ်တချို့က မရောက်ဘူး၊တချို့ကလည်း တံတားကဆိုင်းပုဒ်တင်လိုက်ပြီဆိုပြီး မပေးတာလည်းရှိ တယ်၊ အဲဒါကြောင့် အခုလောလောဆယ် ကိုးသောင်းကျော်ပဲ ရတော့တယ်၊ လောလောဆယ် ကိုးသောင်းကျော်ပေါ့ နောက်ထပ်ရောက်လာမယ့်ဟာ ကျန်တဲ့ဟာတွေကို ဆက်ပို့သွားမယ်၊ ဒီနေ့ ရသလောက်ပို့လိုက်တယ်၊ သူတို့က အသိအမှတ်မပြုခဲ့ဘူးဆိုရင်တော့ နောက်အစိုးရကို ဆက်တောင်း သွားဖို့ရှိတာပေါ့"
မော်လမြိုင်၊ ကရင်ပြည်နယ်၊ ပဲခူး စတဲ့ စုစုပေါင်း မြို့နယ် ၁၂ မြို့နယ်နဲ့ ပြည်ပကကောက်ခံရရှိတဲ့ လက်မှတ် ကိုးသောင်းကျော်ကို ဒီနေ့ ပေးပို့ခဲ့တာပါ။
မော်လမြိုင်နဲ့ ချောင်းဆုံကို ဆက်သွယ်ထားတဲ့ သံလွင်မြစ်ကူးတံတားကို အရင်အစိုးရလက်ထက်က သံလွင်တံတား (ချောင်းဆုံ)အမည်နဲ့ စီမံကိန်းစခဲ့တာဖြစ်ပြီး စီမံကိန်းပြီးခါနီး အခုအစိုးရလက်ထက်မှာ တံတားအမည်ကို ဗိုလ် ချုပ်အောင်ဆန်းတံတား အမည်ပြောင်းလဲပေးဖို့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။
တံတားအမည်ပြောင်းလဲတဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသားတွေက နှစ်ကြိမ်တိုင် ဆန္ဒဖော်ထုတ်ခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း)အမည်ကို ဧပြီလ ၂၆ရက်နေ့ညပိုင်းမှာ ဆိုင်းဘုတ်တင်ခဲ့တာဖြစ်ပါတယ်။