အစိုးရနဲ့ ဒေသခံ မွန်လူမျိုးတွေကြား နာမည်ကိစ္စအငြင်းပွားနေတဲ့ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်သွယ် ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတံတားကို လာမယ့် မတ်လ ၉ ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောပါတယ်။
မွန်ပြည်နယ်မှာ အရှည်ဆုံးတံတားဖြစ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုတဲ့ နာမည်ပေးတာဖြစ်ပြီး ဖွင့်ပွဲကို ၉ ရက်နေ့မှာ လုပ်သွားမယ်လို့ သတင်းထောက်တွေနဲ့တွေဆုံစဉ်မှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောတာဖြစ်ပါတယ်။
"တံတားအကြီးတွေဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနာမည်တပ်တယ်၊ မေလ ၉ ရက်နေ့ဖွင့်မယ်"
ဒီတံတားဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာမဟုတ်ဘဲ ပြည်သူလွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင် စတဲ့ နိုင်ငံတော်အဆင့်တာဝန်ရှိသူတွေ တက်ရောက်မယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
အစိုးရသစ်လက်ထက်မှာ တစ်နိုင်ငံလုံးတံတားတွေကို နာမည်ပေးရာမှာ တံတားအရှည်ပေအလိုက် မူအရ နာမည်ပေးဖို့ကို အဆင့် ၄ ခုသတ်မှတ်ထားပြီး အဆင်(၁)ဗိုလ်ချုပ်အောင်ဆန်းနာမည်ပေးဖို့၊ အဆင့်(၂)ဒေသ နာမည်၊ အဆင့်(၃)ဒေသခံတွေ သဘောကျတဲ့နာမည်ပေးဖို့နဲ့ အဆင့်(၄)ကြိုက်နှစ်သက်တဲ့နာမည် ပေးပိုင်ခွင့်စတဲ့ မူချမှတ်ထားတယ်လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတံတားကို သံလွင်တံတားချောင်းဆုံအမည်နဲ့ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လ က ပြည်သူ့လွှတ်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် နာမည်ပြောင်းဖို့ ဆွေးနွေးအတည်ပြုခဲ့တာဖြစ် ပါတယ်။
အဲဒီလိုတံတားနာမည် ပြောင်းလဲလိုက်တာကြောင့် ဒေသခံမွန်တိုင်းရင်းသားတွေက မကျေနပ်တဲ့အတွက် ကန့်ကွက်ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။
တံတားကို ငွေကျပ် သန်းဘီလီယံ ၆၀ကျော် ကုန်ကျခံဆောက်လုပ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီတံတားကို၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်တည်ဆောက်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ၂၇ ရက်နေ့ကနေ မေလ ၆ ရက်နေ့အထိ စမ်းသပ်သွားလာခွင့်ပေးခဲ့ပါတယ်။