ချောင်းဦးမြို့နယ်တိုက်ပွဲ CDM ကျောင်းဆရာ အပါအဝင် သုံးဦး သေဆုံး
2022.02.24

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာဘက်မှာ ဖေဖော်ဝါရီလ ၂၃ ရက် မနေ့က စစ် ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်က CDM ကျောင်းဆရာတစ်ယောက် အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေဟာ တပ်ခွဲ(၂) တပ်ဖွဲ့မှုး ရဲဘော် ဒီမို၊ CDM ကျောင်းဆရာ ရဲဘော်ဇော်ဇော်အောင်နဲ့ ရဲဘော် ဟိန်းထက် တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
တိုက်ပွဲတွေကြောင့် ချောင်းဦးမြို့နယ်အတွင်းက မုံရွာ-ချောင်းဦး-အမြင့်လမ်း၊ ချောင်းဦ-ပခုက္ကူ လမ်း၊ မုံရွာ-အမြင့်-တောကျောင်းကြီးလမ်း၊ ခင်မွန်-ကျီကုန်း-ရွေဒါးကျလမ်းပိုင်းနဲ့ ချောင်ဦး-အမြင့်လမ်းပိုင်းတွေကို ဖေဖော်ဝါရီလ ၂၃ ရက် မနေ့ကစတင်ပြီး လမ်းအသုံးပြုခွင့်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က တားမြစ်ထားပါတယ်။