ချောက်မြို့မှာ ရေကြီးရေလျှံမှုကြောင့် လူထောင်ချီ ရေဘေးသင့်
2024.07.13

မကွေးတိုင်း ချောက်မြို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်တချို့ ရေဝင်နစ်မြုပ်နေပြီး လူတစ်ထောင်ထက်မနည်း နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ မြို့ခံတွေက ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။
ချောက်မြို့ ဧရာဝတီမြစ်ကမ်းဘေးက ရေအိုးစင်၊ ချောက်ရွာမ၊ ရွာဟောင်း၊ အုတ်ဖို၊ ကွက်သစ်အနောက်၊ ဇီးကပ်အုပ်စု၊ ဇောတိကနဲ့ ယာတောရပ်ကွက်တွေမှာ ရေဝင်နစ်မြုပ်နေတာလို့ ဆိုပါတယ်။
အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေက အိမ်ခေါင်မိုးအထိ နစ်မြုပ်သွားပြီလို့ ချောက်မြို့ခံတစ်ဦးက ပြောပါတယ်။
“ဒီနေ့ ချောက်မှာ တော်တော်တက်လာတယ်။ အိမ်တွေ တော်တော်များများကို မြုပ်နေပြီဗျ။ အရင်တုန်းက အောက်ထပ်ပဲ မြုပ်တာလေ။ အပေါ်မှာ နေလို့ရသေးတယ်။ အခုကျ အပေါ်ထပ်အထိကို ရေတက်လာတော့ နေလို့မရတော့ဘူး။ ကမ်းနားဘက်က အနိမ့်ပိုင်းတွေဆို လုံးလုံးအိမ်ခေါင်မိုးအထိ မြုပ်သွားပြီ”
ရေဘေးရှောင်သူတွေဟာ ရေလွတ်တဲ့ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ ပြောင်းရွှေ့နေကြသူတွေရှိသလို ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတဲ့ ရွာဟောင်းဓမ္မာရုံနဲ့ အုတ်ဖိုရပ်ကွက် ဘောလုံးကွင်းထဲမှာ ပြောင်းရွှေ့နေထိုင်သူတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။
ရေဘေးသင့် ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေနဲ့ ကျန်မာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ ချောက်မြို့ခံတစ်ဦးက ပြောပါတယ်။
“အစားအသောက် အခက်အခဲကတော့ ကျွန်တော်တို့ ရေထဲမှာဆိုတော့ တော်တော်အခက်အခဲဖြစ်တာပေါ့နော်။ ရေကလည်း တက်ရေဆိုတော့ မဲနေပြီး ရေကမသန့်ဘူး။ အဲဒီတော့ သောက်ရေကလည်း လိုအပ်တယ်ဗျ။ စားနပ်ရိက္ခာလည်း လိုအပ်တာပေါ့”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ဧရာဝတီမြစ်ရေဟာ ချောက်မြို့မှာ စိုးရိမ်ရေမှတ်ထက် အနည်းငယ် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် ဆက်လက်မြင့်တက်လာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ချောက်မြို့ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ရာသီဥတု ပူပြင်းတဲ့ဒဏ်ကို ခံစားခဲ့ရပြီး နေ့အပူချိန်တွေ စံချိန်တင်မြင့်တင်မှုကြောင့် လူသေဆုံးမှုတွေအထိ ရှိခဲ့ပါတယ်။