အာရှလမ်းသစ်တိုက်ပွဲတွေကြောင့် ကုန်တင်ယာဉ်တွေ ငွေပေးပြီး လမ်းပြောင်းသုံးနေ
2023.03.31

ကရင်ပြည်နယ် မြဝတီ-ကျုံဒိုး အာရှလမ်းသစ်မှာ တိုက်ပွဲဖြစ်နေတာကြောင့် ထို့ကော်ကိုးလမ်းပိုင်းကို ပြောင်းလဲအသုံးပြုနေတဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေဆီကနေ အပစ်ရပ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC နဲ့ နယ်ခြားစောင့်တပ်တွေက ဂိတ်ဖြတ်သန်းခ ကောက်ယူနေတယ်လို့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။
ငွေတောင်းတဲ့ဂိတ်ပေါင်း ၄၀ နီးပါးကို ငွေကျပ် လေးသောင်းကျော် ပေးပြီးမှ ဖြတ်သန်းခွင့်ရတယ်လို့ အဌားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“အာရှလမ်းက လောလောဆယ် အခြေအနေမကောင်းသေးဘူး ၊ PC ပဲ ယူထားတယ် အဲ့ဒီလမ်းကြောကို ထို့ကော်ကိုးလမ်းက PC လမ်းပိုင်းပေါ့ ကျွန်တော်တို့ အရင်ပြောမယ်ဆို မှောင်ခိုလမ်းပေါ့နော် ဂိတ်ဘယ်လောက်လောက်ရှိမလဲဆိုရင် ကျွန်တော်တို့ ကွမ်ပေါ်လှေဆိပ်ကနေ စပြီးဝင်မယ်ဆိုရင် လှေခက ၃၀၀၀ ရယ် အားလုံး ကျွန်တော်တို့ လမ်းကြေးကြီးပဲ ၃သောင်း၊ ၄သောင်းကျော်လောက် ပေးရတယ် မြဝတီရောက်ဖို့ကို ၄သောင်းခွဲလောက် ပေးရတယ် ဂိတ်တွေကတော့ ၃၀ ကျော် ၃၇ ဂိတ်လောက်တော့ရှိမယ် PC ဂိတ်ရှိမယ် KNLA ရှိမယ် BGF ရှိမယ် ကျွန်တော်တို့မောင်းပုံမျိုးနဲ့ဆိုရင် ၂နာရီ မိနစ် ၂၀လောက်ဆိုရင် မြဝတီရောက်ပြီး ကျွန်တော်တို့က ထို့ကော်ကိုလမ်းကို ဘယ်လမ်းကဖြစ်ဖြစ်ပတ်လို့ရတာပေါ့ သူတို့က ကားပေါ်ပါတဲ့ ခရီးသည်အရေအတွက်ကို ကြည့်ပြီး ဂိတ်ကြေးတောင်းကြတယ်။”
အခုလို ထို့ကော်ကိုးလမ်းပိုင်းမှာ ဂိတ်ကြေးငွေ တောင်းခံတာနဲ့ ပတ်သက်လို့ အပစ်ရပ် KNU-KNLA/PC တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်နဲ့ ဗိုလ်မှူးကြီး စောမောင်မောင်တို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
အပစ်ရပ် KNU-KNLA/PC တပ်ဖွဲ့က နဘူး-ထို့ကော်ကိုး၊ ကော့ကော် ကျေးရွာ တောင်ပတ် လမ်းပိုင်းတွေကို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် လမ်းတံတား ဘတ်ဂျက်ပံ့ပိုးငွေနဲ့ တပ်ဖွဲ့ကိုယ်ထူကိုယ်ထ ပူးပေါင်းဖောက်လုပ်နေတာဖြစ်တယ်လို့ ကရင်ပြည်နယ် စစ်ကောင်စီ ဆောက်လုပ်ရေးဌာန အချက်အလက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့ကစပြီး မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့ကရိတ်အာရှလမ်း၊ ကျုံဒိုးမြို့တို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတာပါ။
မတ်လ ၂၇ ရက် ညနေပိုင်းက တစ်ကြိမ်၊ ၂၉ ရက်နေ့မှာ တစ်ကြိမ် မြဝတီ အာရှလမ်း ယာယီပြန်ဖွင့်ခဲ့ပြီး တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ခရီးသည်တင်ကား၊ ကုန်တင်ကားတွေ မြဝတီ-ကျုံဒိုး အတက်အဆင်း သွားလာခွင့် ရခဲ့ပြီး မတ်လ ၃၁ ရက်နေ့မှာတော့ မြဝတီမြို့ ခမရ- ၂၇၅ တပ်၊ သင်္ဃန်းညီနောင်စစ်ဗျူဟာ၊ သင်္ဃန်းညီနောင်ရဲစခန်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
အလားတူ ကော့ကရိတ် ၉၇ တပ်၊ ကျုံဒိုး ခမရ ၅၄၅/၅၄၆ တပ်တွေကနေ လက်နက်ကြီးနဲ့ ကျေးရွာတွေဘက် ပစ်ခတ်တိုက်ခိုက်နေပြီး မြို့တွင်းလုံခြုံရေး နေရာယူထားတဲ့ ကရင်နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်တွေက လက်နက်ငယ်နဲ့ ခြောက်လှန့်ပစ်ခတ်နေတာကြောင့် မြဝတီမြို့ပြင် ရပ်ကွက်ကျေးရွာတွေကနေ ကျုံဒိုးမြို့ဝန်းကျင်အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သောင်း၀န်းကျင်ဟာ နေရပ်မပြန်နိုင်ကြသေးပါဘူး။