စာနယ်ဇင်းအားလုံး ဆင်ဆာဖြတ်တောက်မှု ရုပ်သိမ်း

မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ စာနယ်ဇင်းအားလုံးကို ဒီကနေ့ကစလို့ ဆင်ဆာဖြတ်တောက်မှုတွေ ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ခံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနက ဒီကနေ့ ကြေညာလိုက်ပါတယ်။

2012.08.20
tint-swe-0820-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က စာပေစိစစ်ရေးဌာန ဒု ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကို RFA မှ တွေ့ဆုံမေးမြန်းနေစဉ်။
RFA

စာပေစိစစ်ရေးကနေ ပြည်တွင်းထုတ် သတင်းစာစောင်တွေနဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အားလုံးကို ထုတ်/တင် စနစ်သို့ ဒီကနေ့ကစပြီး ပြောင်းလဲလိုက်တယ်လို့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနရုံးက ဒီကနေ့ သတင်းမီဒီယာတွေကို အသိပေး ပြောကြားလိုက်တာပါ။

စာပေစိစစ်ရေးဌာန အနေနဲ့ စာပေစိစစ်ရေး လုပ်ငန်းတွေကို တစ်ဆင့်ပြီး တစ်ဆင့် ဖြေလျော့ပေးခဲ့ရာမှာ အခုတစ်ကြိမ် ဖြေလျော့မှုဟာ နောက်ဆုံးအဆင့် ဖြစ်တယ်လို့ အဲဒီဌာနရဲ့ အကြီးအကဲ ဦးတင့်ဆွေက RFA ကို ပြောပါတယ်။

"ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး ကျွန်တော်တို့ ပြောင်းလဲတာပေါ့။ ဒီမှာ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့် အခုဒီနေ့လုပ်တာကတော့ ပဉ္စမအဆင့်ပေါ့။ ဆိုတော့ အဆင့်ဆင့် ပြောင်းလဲခဲ့တယ်။ ကျွန်တော်တို့ ဘာသာရပ် ၁၀ ခုကို တစ်ခုချင်းပေးခဲ့တယ်။ ပထမအဆင့်မှာ ၅ ခုပေးခဲ့တယ်။ ဒုတိယအဆင့်မှာ ၂ ခုပေါ့။ တတိယအဆင့်မှာ ၁ ခု၊ နောက်စတုတ္ထအဆင့်မှာတော့ ဝတ္ထုတွေပေါ့နော်။ နောက်ဆုံးအဆင့်မှာတော့ နိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာတွေ ကျွန်တော်တို့ ပေးလိုက်တာ ဖြစ်ပါတယ်။ အခုဒါဆိုရင် နိုင်ငံတွင်းမှာ ထုတ်တဲ့ ထုတ်ဝေစာအားလုံးမှာ ကြိုတင်စီစစ်မှု ခံယူရတာ မရှိတော့ဘူးပေါ့။ အားလုံးကျွန်တော်တို့ လွတ်လပ်စွာ ထုတ်ပြီးမှသာ ဆောင်ရွက်တဲ့ အဆင့်ရောက်သွားတာပေါ့ခင်ဗျ"

စာနယ်ဇင်း ထုတ်ဝေမှုတွေကို စာပေစိစစ်ရေးဌာနက ဆင်ဆာဖြတ်တောက်မှု မပြုတော့တဲ့ မူဝါဒသစ်အပေါ် ပုဂ္ဂလိက သတင်းမီဒီယာတွေက အသိအမှတ်ပြု ကြိုဆိုလိုက်ကြပါတယ်။ အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်မှ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ ပြောပြတာက-

"လွတ်လပ်ခွင့်ရလာတဲ့ အတွက် ဒါဟာအင်မတန်ကောင်းတဲ့ အခြေအနေပါ။ ချက်ခြင်းဆိုသလို ဝမ်းမြောက် ဝမ်းသာကြိုဆိုရမယ်။ အသိအမှတ်ပြုရမယ်။ ဒီအပြောင်းအလဲကို။ ရုတ်တရက် ခေါ်တယ်ဆိုတာကလည်း တကယ်တမ်းပြောရရင် ရုတ်တရက် ခေါ်တယ်လို့တောင် ကျွန်တော်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက လုပ်ဖို့အစောကြီးကတည်းက သူတို့မှာ ရှိပြီးသားပေါ့ အစီအစဉ်။ အခုဟာတောင် နှောင့်နှေးတယ်လို့ ကျွန်တော်က စိတ်ထဲမှာ ထင်သေးတယ်။ ကုန်ခဲ့တဲ့ ၆ လလောက်ကတည်းက စာပေစိစစ်ရေးက ဒု ညွန်ချုပ် ဦးတင့်ဆွေက RFA နဲ့ အင်တာဗျူးလုပ်ထားတဲ့ အခါမှာ နိုင်ငံသိ၊ ကမ္ဘာသိ ပြောသွားတဲ့ စကားရှိတယ်။ ဇွန်လကုန်ရင် စာပေစိစစ်ရေး မရှိတော့ဘူး ပြောသွားတယ်။ ဒါပေမဲ့ အခု သြဂုတ်လအထိ ရောက်လာတယ်။ အဲဒီတော့ ချက်ခြင်း လက်ငင်းခေါ်တာတော့ မဟုတ်လောက်ဘူး။ တစ်ဖက်ကလည်း စာနယ်ဇင်းသမားတွေ စုပြီး ဆန္ဒဖော်ထုတ်ကြတယ်။ နိုင်ငံရေးပါတီ ၁၄ ခုနဲ့ သမ္မတကြီးနဲ့ တွေ့တဲ့အခါ ဦးသိန်းညွန့်ကနေပြီးတော့ ဒီကိစ္စ သမ္မတကြီးနားကို တိုက်ရိုက် ပြောနိုင်တာတွေ အားလုံးလည်း ပါပါလိမ့်မယ်။ မီဒီယာတွေအားလုံးလည်း ဒီကိစ္စကို ရေးကြ သားကြတာတွေ ဒါတွေအကြောင်းတွေ အများကြီးရှိတယ်"

ထုတ်/တင် စနစ်ဖြင့် ပြောင်းလဲလိုက်ခြင်းအရ သတင်းဂျာနယ်၊ ဘာသာရေး ဂျာနယ်၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်းများ၊ ဝတ္ထုစာမူများ၊ နိုင်ငံရေးဆိုင်ရာ စာမူများ၊ ဘာသာရေးဆိုင်ရာ စာမူများ၊ သမိုင်းအထ္ထုပ္ပတ္တိဆိုင်ရာ စာမူများ၊ ပြက္ခဒိန် ပိုစတာ၊ သဝဏ်လွှာ၊ ကဗျာ၊ တေးသီချင်း၊ သံရုံးစာပေ အားလုံးပါဝင်ပါတယ်။ ဒါပေမယ့် ၁၉၆၂ ခုနှစ် ပုံနှိပ်ဆိုင်ရာဥပဒေက အသက်ဝင်ဆဲရှိပြီး မီဒီယာဥပဒေအသစ် မထွက်ခင်မှာ ဒီဥပဒေကို ဆက်လက် ကျင့်သုံးသွားရဦးမယ်လို့ သိရတယ်။

မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးဌာနက ဆင်ဆာဖြတ်တောက်မှု လုပ်ငန်းတွေကို ၁၉၆၄ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနအနေနဲ့ မှတ်ပုံတင်ခြင်း လုပ်ငန်းပဲ လုပ်ဆောင်တော့မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ စာနယ်ဇင်းအားလုံးကို ဒီကနေ့ကစလို့ ကြိုတင်ဆင်ဆာ ဖြတ်တောက်မှုတွေ ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း အစိုးရ စာပေစိစစ်ရေးဌာနက ဒီကနေ့ ကြေညာလိုက်တာနဲ့ပတ်သက်လို့ စာပေစိစစ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးတင့်ဆွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တွေ့ဆုံမေးမြန်းထားပါတယ်။

တွေ့ဆုံမေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။