မီဒီယာဖိနှိပ်မှု ရပ်တန့်ရေး တောင်းဆို

မြန်မာသတင်းသမားတွေက လက်ရှိ သတင်းမီဒီယာလောက အပေါ်အစိုးရရဲ့ ဖိနှိပ်မှုတွေ ရပ်စဲဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို ရန်ကုန်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

2012.08.04
stop-killing-press-88-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၄ ရက် နံနက်ပိုင်းက ပြုလုပ်သော စာနယ်ဇင်းသမားများ၏ "မီဒီယာဖိနှိပ်မှု ရပ်" လှုပ်ရှားမှုတွင် မင်းကိုနိုင်ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ ပူးပေါင်းပါဝင်နေကြစဉ်။
88 Generation Students Group

သတင်းနဲ့စာနယ်ဇင်းအယ်ဒီတာတွေ အပါအဝင် သတင်းထောက် စုစုပေါင်း အယောက် ၈၀ ကျော်က လတ်တလော ထုတ်ဝေခွင့် ပိတ်ပင်ခံထားရတဲ့ The Voice ဂျာနယ်နဲ့ Envoy ဂျာနယ် ရုံးခန်းတွေကို ဒီကနေ့ သွားရောက် အားပေးကြသလို၊ သတင်းယူစရာရှိတဲ့ နေရာတွေ၊ အခမ်းအနားတွေကို သွားရောက် သတင်းယူခဲ့ကြရာမှာ “မီဒီယာဖိနှိပ်မှု ရပ်တန့်ပါ- Stop Killing Press” ဆိုတဲ့ စာတန်းပါ အနက်ရောင် တီရှပ်တွေကို ဝတ်ဆင်ထားခဲ့ကြပါတယ်။ ဒါ့အပြင် သတင်းလွတ်လပ်ခွင့် တောင်းဆိုတဲ့ လက်မှတ်တွေကို မီဒီယာသမားတွေထံက ကောက်ယူခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကနေ့ လှုပ်ရှားမှုဟာ မြန်မာ့မီဒီယာ လောက လွတ်လပ်ခွင့် အတွက် အရေးကြီးတဲ့ ဆောင်ရွက်မှုတခု ဖြစ်တယ်လို့ သတင်းလွတ်လပ်ခွင့် ကော်မတီ် (ယာယီ) ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ဦးဇော်သက်ထွေးက RFA ကို ပြောပါတယ်။

"မီဒီယာတွေကို ပိတ်လိုက် ဖွင့်လိုက်လုပ်နေတာက ဒါ အကြောက်တရားတခုကို ဆက်လက်ထားရှိနေတဲ့ သဘော ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပိတ်ပင်ထားတဲ့ ဂျာနယ်တွေကို ချက်ချင်း ဖွင့်ပေးဖို့နဲ့ အခုလိုမျိုး နောက်ထပ် မည်သည့်ဂျာနယ်ကိုမှ အရေးယူခြင်း မလုပ်ဖို့ တောင်းဆို တိုက်ပွဲဝင်နေရတာ ဖြစ်ပါတယ်။ မီဒီယာသမားတွေရဲ့ လက်မှတ်တွေကို ကောက်ခံပြီးတော့ နိုင်ငံတော် သမ္မတဆီ၊ လွှတ်တော် ၂ ရပ်ရဲ့ ဥက္ကဋ္ဌတွေဆီကို ပို့ပါမယ်။ ကျွန်တော်တို့နဲ့ သက်ဆိုင်တဲ့ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ကိုလည်း ပို့ပါမယ်။ သူတို့ သိရှိနိုင်ဖို့ပါ။ မီဒီယာရဲ့ ပကတိ အခြေအနေမှန်ကို သိရှိရင် သူတို့ အနေနဲ့ ဒီအပေါ်မှာ ဥပဒေပြုရေးကဏ္ဍနဲ့ တရားစီရင်ရေးကဏ္ဍ မည်သို့မည်ပုံ ဆောင်ရွက်နိုင်မလဲ ဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း သိလိုပါတယ်။"

သတင်းလွတ်လပ်ခွင့် ကော်မတီ (ယာယီ) ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် The Nation သတင်းဂျာနယ် အယ်ဒီတာ ဦးသက်ဇင်ကလည်း မိမိတို့ အခုကောက်ယူရရှိတဲ့ လက်မှတ်တွေကို လွှတ်တော်နဲ့ သမ္မတထံ ပေးပို့မှာဖြစ်တယ်လို့ ပြောပါတယ်။

လွှတ်တော်အမတ်များက တဆင့် လွှတ်တော် ဥက္ကဋ္ဌထံကို ပေးပို့မှာ ဖြစ်ပြီး သမ္မတနဲ့ တွေ့ဖို့ ရှိတဲ့ ၈၈ ကျောင်းသားများ အဖွဲ့ကတဆင့် သမ္မတ ထံကို ပေးပို့ဖို့ ရှိတယ်လို့ ဦးသက်ဇင်က ပြောပါတယ်။ ရုံးအဖွဲ့က တဆင့်ပေးပို့ရင် သမ္မတ လက်ထဲကို မရောက်မှာ စိုးရိမ်တဲ့အတွက် အခုလို စီစဉ်တာ ဖြစ်ကြောင်း ပြောပါတယ်။

ဒီအတောအတွင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းရဲ့ ပထမအကြိမ် ညီလာခံကို ပုဇွန်တောင်မြို့နယ် Orchid ဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး နှစ် (၅၀) အတွင်း လွတ်လပ်တဲ့ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးအတွက် ရန်ကုန်တိုင်းအဆင့် ကော်မတီဝင်တွေ ရွေးချယ်ခဲ့ကြတယ်လို့ သတင်းရပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ စာနယ်ဇင်းလောက အပေါ်ဖိနှိပ်မှု ရပ်တန့်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝါရင့် သတင်းစာဆရာကြီးတွေ အပါအဝင် လက်ရှိ သတင်းသမားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ သဘောထားတွေကို ကိုနေရိန်ကျော်က စုစည်း တင်ပြထားပါတယ်။

စုစည်း တင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။