ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်တချို့ စိစစ်ရေးက ဖြတ်
2011.11.16

RFA
အဓိကအနေနဲ့ တရားရေး မဏ္ဍိုင် ကျေနပ်လောက်အောင် မရှိသေးဘူးဆိုတဲ့ အကြောင်း အပါအဝင် စကားရပ် တချို့ ဖြုတ်ပယ်ခံရတယ်လို့ ကြားသိရကြောင်း ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး တစ်စောင်ကိုလည်း စာပေ စိစစ်ရေးက ခွင့်မပြုသေးတဲ့ အတွက် မဖေါ်ပြနိုင်ဘဲ ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့ခေတ် ဂျာနယ်မှာ ပုဂံဘုရားဖူး ခရီးသွား ဆောင်းပါးတွေ ရေးသားနေရာမှာ ဆောင်းပါးအမှတ်စဉ် ၁ နဲ့ ၂ ဖေါ်ပြခဲ့ပြီး အမှတ်စဉ် ၃ ကို စာပေ စိစစ်ရေးက တချို့ နေရာတွေကို ဖြုတ်ပယ်ခိုင်းခဲ့ ပါတယ်။
ပညာရှင်တွေကို မတိုင်ပင်ဘဲ ရှေးဟောင်း ဘုရားတွေကို ပြင်ချင်သလို ပြင်ထားတာနဲ့ ပတ်သက်ပြီး ရေးတာကို စိစစ်ရေးက ဖြုတ်ပေးစေချင်ကြောင်း၊ အလားတူ အကြောင်းမျိုး ကွယ်လွန်သူ ဒေါက်တာ သန်းထွန်းက စာအုပ် ရေးသား ထုတ်ဝေဖူးကြောင်း ဆရာမောင်ဝံသက ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးသွား ဆောင်းပါး အမှတ် ၁ ဟာလည်း အချိန် အတော်ကြာ စောင့်ဆိုင်းပြီးမှ ဖေါ်ပြခွင့်ရခဲ့ပါတယ်။ လက်ရှိ စာပေ စိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေကတော့ ဒီမိုကရေစီ နိုင်ငံမှာ စာပေ စိစစ်ရေး ဆိုတာ မရှိသင့်တော့ကြောင်း အာရ်အက်ဖ်အေကို မကြာခင်က ပြောဆိုခဲ့ပါတယ်။