အပစ်ရပ်ရေး စာချုပ်မူကြမ်း မနက်ဖြန် ရရှိနိုင်မည်ဟုဆို
2014.04.07

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းရေး ဆွဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကနေ ပထမအဆင့် အပစ်ရပ် စာချုပ်မူကြမ်း တစ်စောင်ကို မနက်ဖြန်မှာ ထုတ်ပြန်သွား မှာဖြစ်ကြောင်း ဒီနေ့ ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက ပြောကြားလိုက်ကြပါတယ်။
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းဆွေးနွေးပွဲ တတိယနေ့ဖြစ်တဲ့ ဒီနေ့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်စားပြုတဲ့ NCCT အဖွဲ့ကိုယ်စားလှယ်၊ KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်းက အခုလို ပြောပါတယ်။
"ကျနော်တို့ တင်ပြချက်တဲ့ တချို့အချက်တွေနဲ့ အစိုးရတင်ပြတဲ့ တချို့အချက်တွေ ကွဲလွဲမှုရှိပေ မယ့်လို့ ညှိနှိုင်းပြီးတော့ တစ်ခုတည်းဖြစ်ဖို့အတွက် ကျနော်တို့လုပ်နိုင်ခဲ့တယ်၊ တချို့အချက်တွေမှာ ကျတော့ ကျနော်တို့ဒီက ပြန်လည်ပြီးတော့ ဆွေးနွေးရမယ့်အချက်တွေရှိတယ်၊ သဘောမတူဘူးဆိုတဲ့ အနေအထားတော့မဟုတ်ဘူး၊ ကျနော်တို့ မနက်ဖြန်ဆက်ပြီးတော့ ဆွေးနွေးသွားမယ် "
ဒီနေ့ တတိယမြောက်နေ့ ဆွေးနွေးပွဲမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဆွေးနွေးနေတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အခန်း ၇ ခန်းမှာ ၅ ခန်းကို ဆွေးနွေးနိုင်ခဲ့ပြီဖြစ်တာကြောင့် မနက်ဖြန်မှာ နှစ်ဖက် သဘောတူတဲ့ အပစ်အခတ်ရပ်စဲရေး မူကြမ်းတစ်စောင်ကို ထုတ်ပြန်သွားမှာဖြစ်ကြောင်းပြောပါတယ်။
အခုကျင်းပနေတဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းဆွေးနွေးပွဲမှာ တပ်နေရာချထားရေးနဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူဘောင်တွေချမှတ်နိုင်ရေး ကိစ္စရပ်တွေကိုသာ အဓိကထားဆွေးနွေးနေကြတာဖြစ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးနဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးတွေကိုတော့ အပစ်ရပ်လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေရောက်မှသာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
KNU အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်းကို RFA ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။