လေးနှစ်နီးပါးအတွင်း တပ်ဖွဲ့ဝင် ၂၅ဝ ဝန်းကျင်သေဆုံးခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ပြော

RFA Burmese
2024.12.30
လေးနှစ်နီးပါးအတွင်း တပ်ဖွဲ့ဝင် ၂၅ဝ ဝန်းကျင်သေဆုံးခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ပြော ချင်းညီနောင်အဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် အောက်တိုဘာလအတွင်းက တွေ့ရစဉ်။
Photo: Chin Liberation Fund

စစ်ကောင်စီအာဏာသိမ်းပြီးနောက် လေးနှစ်နီးပါးကာလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းညီနောင်အဖွဲ့မှာ ပါဝင်တဲ့ တပ်ဖွဲ့အသီးသီးက ရဲဘော် ၂၅၀ ဝန်းကျင်သေဆုံးပြီး တစ်ထောင်ဝန်းကျင်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က အွန်လိုင်းမှာကျင်းပတဲ့ ချင်းညီနောင်အဖွဲ့တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားမှာ CDF မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောခဲ့တာပါ။

"လေးနှစ်နီးပါးကာလမှာ ကျွန်တော်တို့ ချင်းညီနောင်အဖွဲ့အစည်းအသီးသီးမှာ ရဲဘော် နှစ်ရာ့ငါးဆယ်ဝန်းကျင်လောက် ကျဆုံးပြီးတော့ တပ်ဖွဲ့ဝင် တစ်ထောင်ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာ ရရှိတာတွေရှိပါတယ်"

ချင်းညီနောင်ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တဲ့ စစ်ဆင်ရေးတစ်နှစ်အတွင်းမှာလည်း ချင်းညီနောင် တပ်ဖွဲ့ဝင် တစ်ရာဝန်းကျင် သေဆုံးပြီး လေးရာဝန်းကျင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပါအဝင် စခန်းသိမ်းတိုက်ပွဲတွေမှာ သေဆုံးဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း လက်နက်ကြီး လက်နက်ငယ် တစ်ထောင်ဝန်းကျင် သိမ်းဆည်းရမိခဲ့သလို စစ်သုံ့ပန်း ခြောက်ရာဝန်းကျင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ချင်းညီနောင်မဟာမိတ်အဖွဲ့က ပြောပါတယ်။

ချင်းပြည်နယ်အပြင် မကွေးတိုင်း ယောဒေသနဲ့ စစ်ကိုင်းတိုင်း ကလေးကဘော်ဒေသက စစ်ဆင်ရေးတွေမှာလည်း ချင်းညီနောင်တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ချင်းညီနောင်အဖွဲ့ကို ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁)နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ပူးပေါင်းဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်းက မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ကျင်ဒွေးမြို့တွေကို ချင်းညီနောင်အဖွဲ့က ၂၀၂၄ ခုနှစ်အတွင်း တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ အလားတူ ဖလမ်းမြို့ကို သိမ်းယူနိုင်ရေး ချင်းညီနောင်အဖွဲ့က ဆက်လက်တိုက်ခိုက်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။