ဖြူးမြို့နယ်မှ တောင်သူ ၅ဝ ကျော် ဖမ်းဆီးခံရ
2013.06.24
ပဲခူးတိုင်း၊ ဖြူးမြို့၊ ညောင်ပင်သာကျေးရွာက တောင်သူ ၅၂ ဦးကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဒီကနေ့ မြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးပြီး မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရွာသားတွေက ပြောပါတယ်။
တောင်သူ ၁၄၁ ဦးက လုပ်ကိုင်ခွင့်တောင်းထားတဲ့ ညောင်ပင်သာကျေးရွာမှာရှိတဲ့ ပလဖ (ပြည်သူ့လုပ်အား နေရာချထားရေး) စိုက်ကွင်းမှာ မြအိန္ဒြေ ကုမ္ပဏီဖက်က ဝင်ရောက်ထွန်ယက်နေတဲ့အတွက် တောင်သူတွေက ဆက်လက်မဆောင်ရွက်ဖို့ သွားရောက်တားမြစ်ခဲ့တာကို ဝတ္တရားနှောင့်ယှက်တယ်ဆိုပြီး တောင်သူတွေကို ပုဒ်မ ၃၅၃ နဲ့ တရားစွဲခဲ့တာလို့ တောင်သူ ဦးတင်ငွေက RFA ကို အခုလို ပြောပါတယ်။
"ကျနော်တို့တွေ နိုင်ငံတော်အကြီးအကဲတွေကို တင်ပြထားတာရှိပါတယ်၊ တင်ပြထားတာ ပြေလည်သွားရင် ဝင်ထွန်ပါ၊ မပြေလည်ရင် မထွန်ပါနဲ့အုံးလို့ ကျနော်တို့ မေတ္တာရပ်ခံတာပါ၊ တားတာမဟုတ်ပါဘူး၊ အဲဒါကို ဝတ္တရားနှောင့်ယှက်တယ်ဆိုပြီးတော့စွဲတယ်၊ ရုံးတင်တရားစွဲတဲ့နေရာကို မနက် ၉ နာရီကနေ ညောင်ပင်သာကနေပြီးတော့ ဒီဖြူးကိုလာရပါတယ်၊ ၆ မိုင်ဝေးပါတယ်၊ ခုလိုရုံးတင်ပြီး စစ်လိုက်တဲ့အခါကျတော့ အာမခံပေးရမယ်ဆိုတော့ ကျတော်တို့လည်း အာမခံဘယ်လိုမှ မလုပ်တတ်တဲ့အခါကျတော့ တောင်သူတွေအကုန်လုံးကို အချုပ်ထဲဖမ်းထည့်ထားပါတယ်"
၂ဝ၁၁ ခုနှစ် မတိုင်ခင်က အဲဒီ ပလဖ စိုက်ကွင်းထဲက ဧက ၂ဝဝဝ မှာ တောင်သူတွေက လုပ်ကိုင်နေပြီး နောက်ပိုင်းမှာ မြအိန္ဒြေ ကုမ္ပဏီဖက်က ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ တောင်သူတစ်ဦးကို လယ်ငါးဧက ပြန်လည်လုပ်ကိုင်ခွင့်ရဖို့ အခုနှစ်ဖေဖော်ဝါရီလက ကုမ္ပဏီနဲ့ နှစ်ဖက်သဘောတူ ညှိနှိုင်းခဲ့ပေမယ့် အခုစိုက်ပျိုးရာသီမှာ ကုမ္ပဏီက သဘောတူညီချက်ကို ဖောက်ဖျက်ခဲ့တာလို့ တောင်သူတွေက ဆိုပါတယ်။