လောင်းကစားဥပဒေပြင်ပြီး ကာစီနိုတွေ ခွင့်ပြုမည်


2018.02.09
myawaddy-casino-622.jpg မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ ဖွင့်ထားတဲ့ ကာစီနိုတစ်ခုကို တွေ့ရစဉ်
Photo: Myawaddy Complex Facebook

လောင်းကစားဥပဒေကို ပြင်ဆင်ဖြေလျှော့ပေးပြီးပါက နိုင်ငံခြားသားတွေသာ ကစားခွင့်ရှိတဲ့ ကာစီနိုလုပ်ငန်းတွေ ကို သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ခွင့်ပြုမယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင် က ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းရဲ့ နိုင်ငံခြားသားတွေသာ ဝင်ရောက် ကစားနိုင်တဲ့ ကာစီနိုလုပ်ငန်းကို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ ရေပေါ်ကျွန်းတွေပေါ်မှာ တရားဝင်ဖွင့်ခွင့်ပေးဖို့ ရှိ၊ မရှိ မေးခွန်းကို ဖြေကြားရာမှာ ဝန်ကြီး ဦးအုန်းမောင် က အခုလို ထည့်သွင်းဖြေကြား ခဲ့တာဖြစ်ပါတယ်။

"ဥပဒေအရ ဆောင်ရွက်ခွင့်ပြုပေးနိုင်ချေ မရှိသေးသော်လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ ခွင့်ပြုမြဲကိစ္စကို မကန့်ကွက်ပါ၍ လုပ်သာကိုင်သာရှိမယ့်အခြေအနေကို တွေ့ရှိလာရသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောတူခွင့်ပြုချက်များ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်ရှိလောင်းကစားဥပဒေကို လိုအပ်သလို ပြင်ဆင်ဖြေလျော့ပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့် သက်ဆိုင်ရာဌာနများနဲ့ ညှိနှိုင်း၍ လိုအပ်သောခွင့်ပြုမိန့်များ တောင်းခံပြီး ဆောင်ရွက်ခွင့်ပြုပေးသွားလျှင်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်"

ဒါ့အပြင် ကာစီနိုကို နိုင်ငံခြားသားဧည်သည့်တွေအတွက်သာခွင့်ပြုတဲ့ ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သဘော တူပေမယ့် မြန်မာနိုင်ငံသားတွေအတွက် ဘယ်လိုကန့်သတ်ထိန်းချုပ်သွားမယ်ဆိုတာ ထည့်သွင်းစဉ်းစား သင့်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက အကြံပြုထားတယ်လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ လောင်းကစားဥပဒေကို ပြင်ဆင်ဖို့အတွက်  ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ မှာ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

လက်ရှိလောင်းကစားဥပဒေမှာ နိုင်ငံခြားသားနဲ့ နိုင်ငံသားခွဲခြားထားတာ မရှိကြောင်းနဲ့ ဖြေလျှော့ပေးသင့်ကြောင်း လည်း လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။