လာအိုနိုင်ငံသား ၁၆ ယောက် မြဝတီရဲစခန်းမှာ ဖမ်းဆီးတရားစွဲခံနေရ
2023.10.18
ထိုင်းနိုင်ငံနဲ့နယ်စပ် ကရင်ပြည်နယ်ထဲက ကျောက်ခက်ကာစီနိုနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ ထွက်ပြေးလာတဲ့ လာအိုနိုင်ငံသား ၁၆ ယောက်ကို မြဝတီရဲစခန်းမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
အဲဒီလူတွေ အချုပ်ထဲမှာ တစ်လလောက်ရှိနေပြီလို့ သိရတဲ့အကြောင်း မြဝတီမြို့က စစ်ကောင်စီရဲ့တရားရေးဌာနနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူတစ်ယောက်က RFA ကိုပြောပါတယ်။
“မြဝတီမှာကတော့ ကာစီနိုတွေဘက်က နိုင်ငံခြားသားမိရင် လဝကအက်နဲ့ တရားစွဲတယ်။ ပြီးရင် သံရုံးနဲ့ချိတ်ဆက်ပြီး လူပြန်လွှဲတာမျိုးတော့ ရှိတယ်။ BGF နယ်ခြားစောင့်တပ်တို့၊ DKBA အဖွဲ့အစည်းတို့နဲ့ ပတ်သက်သူဆို လာပြန်ရွေးခေါ်သွားတာမျိုးလဲ ရှိတယ်။ အခုမြဝတီရဲအချုပ်မှာ လာအိုနိုင်ငံသားတွေကို DKBA နယ်မြေ ကျောက်ခက်ကာစီနိုဘက်က ထွက်ပြေးလို့ မိတာ ၁၆ ယောက် ရှိနေတယ်။ ပြည်နယ်က ဘယ်လိုဆက်လုပ်မလဲတော့ မသိသေးဘူး။ တစ်လလောက်တော့ ကြာနေပြီပြောတယ်”
မြဝတီရဲစခန်းအချုပ်မှာ လာအိုနိုင်ငံသားတွေအပြင်၊ တရုတ်နိုင်ငံသားတစ်ယောက်နဲ့ ဗီယက်နမ်နိုင်ငံသူ တစ်ယောက်လည်း ရှိတယ်လို့ ရဲစခန်းနဲ့ နီးစပ်တဲ့သူတစ်ယောက်ကလည်း RFA ကို ပြောပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး DKBA တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်မှူးကြီး စောစိန်ဝင်းနဲ့ ကရင်ပြည်နယ် စစ်ကောင်စီလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ကျောက်ခက် ကျားဖျန့်ငွေလိမ်ဂိုဏ်းတစ်ခုကနေ ထွက်ပြေးလာတဲ့ ဗီယက်နမ်အမျိုးသမီးတစ်ယောက်ကို ကူညီပေးဖူးတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာအလုပ်သမားတစ်ယောက်က ပြောပါတယ်။
“စက်တင်ဘာလက အဲဒီကျောက်ခက်ကျားဖျန့်ရုံကို လူကုန်ကူးပို့ခံထားရာကနေ ဗီယက်နမ်အမျိုးသမီးတစ်ဦး ထွက်ပြေးလာတယ်။ ကျွန်တော်တို့ ထိုင်းဘက်ကမ်း မဲဆောက်ဘက်ကို သွားဖို့ ကားချိတ်ပေးလိုက်တော့ လမ်းမှာသွားရင်း သူ့ကို ထိုင်းစစ်တပ်နဲ့ ရဲက ကင်းပတ်ရင်း ဖမ်းမိသွားတယ်။ ထိုင်းရဲက ဘတ်ငွေ တစ်သိန်းတောင်းတာမှာ သူက ပတ်စ်ပို့၊ ဗီဇာပြနိုင်တော့ ထိုင်းရဲတွေ သံရုံးကို ပို့ပေးလိုက်ရတယ်”
ကျောက်ခက်လောင်းကစားရုံနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲက DKBA ထိန်းချုပ်နယ်မြေထဲမှာ ရှိနေပြီး အဲဒီလုပ်ငန်းတွေမှာ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ နိုင်ငံခြားသားတွေ လူရာချီရှိနေတယ်လို့ အဲဒီနေရာက အလုပ်သမားဟောင်းတစ်ယောက်နဲ့ မြဝတီမြို့ခံတချို့က ပြောပါတယ်။