မြန်မာ့ လူ့အခွင့်အရေးအခြေအနေအပေါ် စိုးရိမ်ကြောင်း ကနေဒါပြောကြား

ကနေဒါနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ သံအမတ်ကြီး အပြန်အလှန် ခန့်အပ် တာ အပါအဝင် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံရေး စတင်ထားပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံအပေါ် ကနေဒါက ချမှတ်ထား တဲ့ ပိတ်ဆို့ အရေးယူမှုတွေကိုတော့ ဖယ်ရှားဖို့ မရှိသေးဘူးလို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး John Baird က ပြောကြားလိုက်ပါတယ်။

2011.07.24

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပနေတဲ့ အာရှ လုံခြုံရေး ညီလာခံမှာ မနေ့က ပြောကြားလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးဟာ လူ့အခွင့်အရေးကိစ္စ ပြောဆို ဆွေးနွေးနိုင်ရေး သက်သက်သာ ဖြစ်တယ်လို့လည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်ရေး အခြေနေတွေကို မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဘာလီမှာ တွေ့ဆုံစဉ်မှာ ထည့်သွင်း ပြောကြားခဲ့တယ်လို့လည်း သူက သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိရေးနဲ့ လုံခြုံရေး ကိစ္စတွေကို ကနေဒါအစိုးရနဲ့ ကနေဒါပြည်သူတွေက စိုးရိမ် ပူပန်နေတာကိုလည်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့တယ်လို့ Mr. Baird က ပြောပါတယ်။

အလားတူပဲ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ သြစတြေလျနဲ့ နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးစဉ်မှာလည်း ထည့်သွင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေကို ၂ဝဝ၇ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။