မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မိန့် ကနေဒါ ဖယ်ရှားဦးမည် မဟုတ်

ကနေဒါနိုင်ငံက မြန်မာနိုင်ငံနဲ့ မဟာဗျူဟာကျတဲ့ ဆက်ဆံရေးဆိုပြီး မူဝါဒ ချမှတ် ဆောင်ရွက်လိုက်ရာမှာ အပြန်အလှန် သံအမတ်ကြီးတွေ ထားရှိရေး ပါဝင်ပေမယ့် မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မိန့်ကို ပြန်လည် ဖယ်ရှားရေး မပါဝင်သေးဘူးလို့ ကနေဒါ နိင်ငံခြားရေးဝန်ကြီး John Baird က ပြောကြားလိုက်ပါတယ်။

2011.07.26

ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ARF အရှေ့တောင် အာရှ ဒေသတွင်း လုံခြုံရေး အစည်းအဝေး သွားတက်ရင်း ဒီကိစ္စကို အလွတ်သဘော ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြောဆိုချက် အပေါ်မှာ CFOB ကနေဒါ မြန်မာ့ မိတ်ဆွေများအဖွဲ့က တာဝန်ခံ ကိုတင်မောင်ထူးက - ကနေဒါအစိုးရရဲ့ ဆက်ဆံရေး မြှင့်တင်သွားမယ် ဆိုတဲ့အပေါ်မှာ သူ့အနေနဲ့ ထူးခြားလှတဲ့ ခြေလှမ်းတရပ်အဖြစ် မမြင်ကြောင်း၊ တဖက်က အရေးယူမှုတွေ ထားရှိချိန်မှာ အပြောင်းအလဲ အတွက် စကားပြောဖို့ လိုတယ်လို့ ထင်မြင်ကြောင်း၊ ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံအပေါ် အပြင်းထန်ဆုံး ပိတ်ဆို့ ပစ်ဒဏ်ခတ်ထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ကြောင်း၊ ပိတ်ဆို့မှုကြောင့် ရရှိလာတဲ့ ရလဒ်ကိုလည်း သုံးသပ်ဖို့ လိုသလို အနီးကပ် ဆက်ဆံရေးလို တခြား နည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်ကြောင်း ပြောသွားပါတယ်။

ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ပြောသွားတဲ့ အထဲမှာ မြန်မာ အစိုးရကို အကန့်အသတ်နဲ့ ဆက်ဆံရာမှာ အထူးသဖြင့် လူ့အခွင့်အရေး ကိစ္စကို အလေးပေး ဆက်ဆံ ပြောဆိုသွားမယ်လို့လည်း ထည့်သွင်း ပြောကြားသွားပါတယ်။

ကနေဒါနိုင်ငံက မြန်မာနိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆို့မှု ကို ၂၀၀၇ ခုနှစ်က စတင်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။