ဗျိုင်းဖြူရွာခံ လေးဆယ်ကျော် မတရားအသင်းဥပဒေနဲ့ တရားစွဲခံရ

RFA Burmese
2024.06.29
ဗျိုင်းဖြူရွာခံ လေးဆယ်ကျော် မတရားအသင်းဥပဒေနဲ့ တရားစွဲခံရ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ဒေသခံများအား ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။
Screenshot from Citizen Video

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာက ဒေသခံ လေးဆယ်ကျော်ကို ဇွန်လ ၂၅ ရက်နေ့မှာ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နဲ့ စစ်ကောင်စီက အမှုဖွင့်လိုက်တယ်လို့ ဗျိုင်းဖြူရွာခံတွေက ပြောပါတယ်။

စစ်တွေထောင်မှာ ဖမ်းဆီးထားတဲ့ ဗျိုင်းဖြူရွာခံ အမျိုးသားလေးဆယ်ကျော်ကို အဲဒီနေ့မှာပဲ စစ်တွေတရားရုံးကို ရုံးထုတ်ပြီး ပုဒ်မတပ်တရားစွဲဆိုခဲ့တာလို့ ဆိုပါတယ်။

စစ်တွေတရားရုံးကို ရုံးထုတ်ချိန် ဖမ်းဆီးခံထားရသူတွေမှာ နှိပ်စက်ညှဉ်းပန်းခံထားရတဲ့ ဒဏ်ရာတွေ တွေ့ခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ဗျိုင်းဖြူရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဖမ်းဆီးခံထားရတဲ့အထဲမှာ အသက် ၄၈ နှစ်အရွယ် ကျွန်တော့်ဦးလေးလည်း ပါပါတယ်။ သူဆို လုံးဝကို ပိန်သွားတယ်။ ခြေထောက်တစ်ဖက်ကလည်း သိပ်မထောက်နိုင်တော့ဘူး။ ထောင်ထဲမှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ တချို့လူတွေရဲ့ ခေါင်းတွေမှာဆို သွေးခဲတွေခြောက်နေတာ တွေ့ရပါတယ်"

ဖမ်းဆီးခံထားရသူတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးတာကြောင့် ရုံးထုတ်စစ်ဆေးချိန်မှာ အဝေးကနေပဲ လှမ်းကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။

တရားစွဲဆိုခံရသူတွေကို လာမဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ နောက်ထပ်တစ်ကြိမ် ရုံးချိန်းပြန်ချိန်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးခဲ့သလို ခုနစ်ဆယ်ကျော်လည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေအိမ်တွေမှာရှိတဲ့ ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေ ဖျက်ဆီးယူဆောင်သွားသလို ဒီနေ့အချိန်အထိလည်း ဒေသခံတွေကို ရွာထဲ ပြန်လည်နေထိုင်ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။