ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမယ့်ရက်ကြေညာ
2018.05.26
နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို လာမယ့် ဇူလိုင် ၂ ရက်နေ့ကစပြီး ၁ဝ ရက်အတွင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ထုတ်ပြန်ကြေညာပါတယ်။
ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင် ၂ ရက်နေ့ကနေ ဇူလိုင် ၁၁ ရက်နေ့အထိ တင်သွင်းနိုင်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွေကို ပြန်ရုပ်သိမ်းလို ပါကလည်း ဇူလိုင်လ ၁၃ ရက်နေ့ နောက်ဆုံးထား ရုပ်သိမ်းနိုင်ကြောင်းနဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွေကို ဇူလိုင် ၁၆ ရက်ကနေ ၂၂ ရက်နေ့ အတွင်းစိစစ်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာပါရှိပါတယ်။
ပြည်သူ့လွှတ်တော်အတွက် ၄ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၁ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်အတွက် ၈ နေရာ၊ စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် နိုဝင်ဘာ ၃ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပါတယ်။
လစ်လပ်မဲဆန္ဒနယ်မြေတွေက မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို လာမယ့် ဇွန်လကုန် ဇူလိုင်လဆန်းလောက်မှာ တစ်ကြိမ်၊ သြဂုတ်လမှာ တစ်ကြိမ် ထုတ်ပြန်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်က စီစဉ်ထားပါတယ်။
အဲဒီကြားဖြတ်ရွေးကောက်ပွဲဟာ NLD အစိုးရသက်တမ်းကာလအတွင်း ဒုတိယအကြိမ်ပြုလုပ်တဲ့ ရွေးကောက်ပွဲဖြစ် ပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ရွေးချယ်ခဲ့တာဖြစ်ပြီး နိုင်ငံရေးပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၈၈ ယောက်နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စား လှယ် ၇ ယောက် စုစုပေါင်း ၉၅ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။