ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနေ


2018.04.28
by-election-2017-622.jpg ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးဖို့ တန်းစီနေသူတွေကို တွေ့ရစဉ်
Photo: RFA

ဒီနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လစ်လပ်မဲဆန္ဒနယ်မြေတွေက ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးတွေကို မဲပေးခွင့်ရှိသူစာရင်းပြုစုဖို့ ညွှန်ကြားထားပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ၆ လကြိုတင်ပြီး ကြေညာသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့က စတင်ပြီး မဲစာရင်းပြုစုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။

“ကျနော်တို့ မဲစာရင်းတွေကို အခုလ ၁၉ ရက်နေ့ကစပြီး အပြုစုခိုင်းထားပါတယ်။ ၅ ပတ်အတွင်းပေါ့။ ၁၉ ရက် ၄ လကနေပြီးတော့ အခုပြုစုနေကြပါတယ်။ တချို့ဆို တော်တော်ပြီးနေကြပါပြီ။ ကြေညာပြီးရင်တော့ သူ့လုပ်ငန်း စဉ်အတိုင်းပေါ့ ကျင်းပမယ့် မဲဆန္ဒနယ်လည်းကြေညာမယ်။ လစ်လပ်တဲ့ မဲဆန္ဒနယ်လည်း ကြေညာမယ်။ နောက် ကိုယ်စားလှယ်တွေ အမည်စာရင်း တင်သွင်းရမယ့်ရက်တွေ၊ စိစစ်ရမယ့်ရက်တွေ အဲဒါတွေ အကုန်လုံးပါမှာပေါ့”

တရားဝင်မှတ်ပုံတင်ရရှိထားတဲ့ ပါတီတွေအနေနဲ့ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂ဝ၁၇ ကြားဖြတ်ရွေးကောက် ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီးဖြစ်တာကြောင့် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ မဖြစ်မနေဝင်ရောက် ယှဉ်ပြိုင်ဖို့မလိုဘဲ ဆန္ဒအရသာ ပါဝင်ယှဉ်ပြိုင်နိုင်တယ်လို့ ပြောပါတယ်။

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မှု မရှိသေးတဲ့ ပါတီအသစ် တွေအနေနဲ့  လာမယ့် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အနည်းဆုံး ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။

သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးဝင်းမြင့်ရဲ့ တာမွေမြို့နယ် မဲဆန္ဒနယ်အပါအဝင် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၂ နေရာအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းကောက်ယူနေစဉ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်သန်း ကွယ်လွန်သွားတဲ့အတွက် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအထိ ရှိလာပါတယ်။

ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း တို့မှာ လစ်လပ်မဲဆန္ဒနယ်တွေ ရှိနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။