ယခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်


2014.03.20
polling-station-b305 ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်မြို့ရှိ မဲရုံတစ်ရုံကို ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က အပြီးသတ် ပြင်ဆင်နေ စဉ်။
AFP

၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၅ နှောင်းပိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလလောက်မှာ ကျင်းပသွားမှာဖြစ်ပြီး ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ နှစ်ကုန်ပိုင်းမှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးမင်းသိန်းက လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ အစီစဉ်ရှိ မရှိ မေးမြန်းတာကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အခုလို ဖြေကြားခဲ့တာပါ။

"ဒီ ၂ဝ၁၅ ကတော့ ၂ဝ၁၅ နောက်ပိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလထဲမှာပဲ လုပ်ပေးမှာပါ၊ အခုကြားဖြတ်ရွေးကောက်ပွဲကလည်း ၂ဝ၁၄ နိုဝင်ဘာ၊ ဒီဇင်ဘာလထဲလောက်မှာ ကျင်းပပေးမှာပါ"

လတ်တလောအနေနဲ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး၊ အမျိုးသားလွှတ်တော်မှာ ၆ ဦး လစ်လပ်နေသလို တိုင်းဒေသကြီး လွှတ်တော်တွေမှာလည်း လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာ ၁၂ ရှိတဲ့အတွက် စုစုပေါင်း လစ်လပ်နေရာ ၃၁ နေရာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ်မြေအားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ အန်အယ်လ်ဒီ  ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်းတွေကို ဘယ်လိုမူတွေနဲ့ ရွေးချယ်မလဲဆိုတာ ကြေညာချက်ထုတ်ပြန် သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

အခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဇင်မာဝင်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။