ဘူးသီးတောင်က ရိုဟင်ဂျာ နှစ်ရာကျော်ကို ထပ်မံကယ်တင်ထားကြောင်း AA ပြော
2024.05.20

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာ နှစ်ရာကျော်ကို တိုက်ပွဲတွေအတွင်းကနေ ကူညီကယ်တင်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မေလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မေ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဘူးသီးတောင်မြို့နယ် ကျောက်ဖြူတောင်၊ တပ်မင်းချောင်းနဲ့ ငကျဥ်တောက် ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အဲဒီရွာတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၆၆ ဦး တောတွင်းတစ်နေရာမှာ တွေ့ရတာကြောင့် ဆေးဝါးကုသမှုနဲ့ ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးထားသလို ဘူးသီးတောင်အခြေစိုက် ခမရ - ၃၅၃ တပ်ရင်းကို AA က တိုက်ခိုက်သိမ်းပိုက်ချိန် အဲဒီတပ်ရင်းထဲမှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၃၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့လည်း မေ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီ ၃၅ ဦးဟာ ခရုချောင်းရွာကဖြစ်ပြီး စစ်ကောင်စီတပ်က သုံးရက်ခန့် အစာရေစာမကျွေးဘဲ ပိတ်လှောင်ခံထားရတာလို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မေ ၈ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာ ခုနစ်ထောင်လောက်ဟာ AA ထိန်းချုပ်ထားတဲ့နယ်မြေကို ပြောင်းရွှေ့ခိုလှုံလာကြပြီး AA က စောင့်ရှောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က တိုက်ပွဲတွေအတွင်း ရက္ခိုင့်တပ်တော် (AA) က ရိုဟင်ဂျာတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက် AA က ရိုဟင်ဂျာတွေကို ကူညီကယ်ဆယ်နေတဲ့ရုပ်သံတွေ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
ဘူးသီးတောင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က မေ ၁၈ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲတွေအတွင်း AA က သိမ်းပိုက်ထားတဲ့မြို့နယ် ၁၀ မြို့နယ်အထိ ရှိလာပြီဖြစ်ပါတယ်။