ဘူးသီးတောင်နဲ့ မြောက်ဦးမှာ လက်နက်ကြီးကြောင့် ကလေးသုံးဦး အပါအဝင် လေးဦးသေဆုံး

RFA Burmese
2023.11.28
ဘူးသီးတောင်နဲ့ မြောက်ဦးမှာ လက်နက်ကြီးကြောင့် ကလေးသုံးဦး အပါအဝင် လေးဦးသေဆုံး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ဆေးရုံအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဝါးရှီးလာရွာမှာ နိုဝင်ဘာ ၂၇ ရက်‌ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ရိုဟင်ဂျာကလေး နှစ်ဦး အပါအဝင် သုံးဦးသေဆုံးပြီး၊ နောက်ထပ် ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ရှစ်နှစ်အရွယ် မောင်အာရုရူလ္လာ၊ အသက် ၁၁ နှစ်အရွယ် မအာဒူလ္လာနဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်ဟာဘေဇာတို့ ဖြစ်ပါတယ်။ ရုပ်အလောင်းတွေကို ဒီနေ့ မနက် ၁၀ နာရီက ကျေးရွာသင်္ချိုင်းမှာ သင်္ဂြိုဟ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကတော့ အသက် ၃၀ ကျော်ကနေ ၄၀ ကျော်အကြား အရွယ်တွေ ဖြစ်ပါတယ်။

ဒဏ်ရာရသူ ခုနစ်ဦးထဲက စိုးရိမ်ရသူငါးဦးကို ဘူးသီးတောင်ဆေးရုံကို ပို့ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝါးရှီးလာ ရွာသားတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“သူတို့က ဟင်းခင်း (စိုက်ခင်း) မှာ အလုပ်လုပ်နေရင်း လက်နက်ကြီးတစ်လုံးကျလို့ သေဆုံး၊ ဒဏ်ရာရသွားကြတာပါ။ အာရုရူလ္လာနဲ့ ဟာဘေဇာကတော့ ပွဲချင်းပြီး သေသွားတယ်။ နောက်ထပ် ကလေးကတော့ ဆေးရုံကိုပို့တဲ့ လမ်းမှာ သေသွားတာပါ။ သေတဲ့သူတွေကိုတော့ ရွာမှာပဲ သင်္ဂြိုဟ်လိုက်ပါပြီ။ ဒဏ်ရာရတဲ့ သူတွေကတော့ ဘူးသီးတောင်ဆေးရုံမှာပါ”

အဲဒီလက်နက်ကြီးကျည်ကို ဘူးသီးတောင်မြို့နယ် အခြေစိုက် ခမရ (၅၆၅) တပ်ရင်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီနေ့ထိ ထပ်မံပစ်ခတ်နေဆဲလို့ သူက ပြောပါတယ်။

ဒေသခံတွေအားလုံး စိုးရိမ်ကြောက်လန့်နေပေမယ့် ပြေးစရာနေရာမရှိတာကြောင့် ရွာမှာပဲ လုံခြုံအောင် ပုန်းအောင်းနေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူ မြောက်ဦးမြို့နယ် ပန်းဘဲတန်းရွာမှာလည်း နိုဝင်ဘာ ၂၇ ရက်ညက လက်နက်ငယ်ကျည် ထိမှန်တာကြောင့် အသက် ၁၅ နှစ်အရွယ် မချိုချို သေဆုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

မြောက်ဦးအခြေစိုက် ခမရ (၃၇၈) တပ်ရင်းကနေ ပစ်ခတ်တာဖြစ်ပြီး အိမ်ထဲမှာနေထိုင်ရင်း မချိုချိုရဲ့ ဝမ်းဗိုက်ကို ကျည်ထိမှန် သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။ စစ်ကောင်စီရဲ့ ဒီနေ့ထုတ် သတင်းစာတွေမှာလည်း တစ်စုံတစ်ရာ ဖော်ပြမထားပါဘူး။

စစ်ကောင်စီတပ်ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေ စဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်ကစလို့ အရပ်သားတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာလို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း က ပြောပါတယ်။

“အခု စစ်ကောင်စီတပ်က မြေပြင်အထိသွားပြီး မတိုက်နိုင်တော့ဘူးလေ။ အဲဒါကြောင့် သူတို့ စခန်းတွေကနေပြီး လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာပေါ့။ အဓိက သူတို့ပစ်တာက အရပ်သားတွေရှိတဲ့ နေရာတွေပဲ။ ကြွက်မနိုင်တော့ ကျီကိုမီးရှို့တဲ့ သဘောပေါ့။ ဒါက အခုမှလုပ်တာ မဟုတ်ဘူး။ အခု ရခိုင်မှာ တိုက်ပွဲစဖြစ်တည်းက ပြည်သူတွေကို ဒုက္ခပေးတဲ့နည်းနဲ့ပဲ သူတို့က တိုက်နေတာ”

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်နဲ့ ပြည်မကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေနဲ့ မြို့ရွာချင်း ချိတ်ဆက်တဲ့ ကုန်းလမ်း၊ ရေလမ်းတွေကိုလည်း ပိတ်ထားတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ အသက်ရှင်သန်ရေးကိုပါ ထိခိုက်လာတယ်လို့ ဦးဖေသန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား နိုဝင်ဘာ ၁၃ ရက်ကစလို့ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ နိုဝင်ဘာ ၁၃ ရက်ကနေ နိုဝင်ဘာ ၂၈ ရက် ဒီနေ့အထိ ရခိုင်ပြည်နယ်မှာ လက်နက်ကြီး၊ လက်နက်ငယ်ကြောင့် သေဆုံးတဲ့ အရပ်သား ၁၇ ဦးရှိနေပါပြီ။ ဒဏ်ရာရသူကတော့ ၅၇ ဦးအထိ ရှိသွားပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။