AP သတင်းဌာနကို ပြည်နယ်အစိုးရအဖွဲ့ တရားစွဲဆိုမည်


2018.02.05
buthidaung-corpse-622 ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးမှာ ရုပ်အလောင်းတွေ အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း AP သတင်းဌာနရဲ့ ဖော်ပြချက်ကို ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ၂ဝ၁၈၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကွင်းဆင်းစစ်ဆေးစဉ်
Photo: Information Committee

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ လူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး မြှုပ်နှံထားတဲ့ နေရာတွေ တွေ့ရတယ်ဆိုတဲ့အကြောင်း သတင်းဖော်ပြခဲ့တဲ့ AP သတင်းဌာနကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တရားစွဲဆိုသွားမယ်လို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေက ဒီနေ့ အတည်ပြုပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကော်မတီအတွင်းရေးမှူး ပြည်နယ်ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်က သတင်းမီဒီယာဥပဒေဘက်ကပါ သုံးသပ်နေ တယ်လို့ ပြောပါတယ်။

"AP သတင်းဌာနကကို တရားစွဲဖို့ အစီအစဉ်ရှိတယ်၊ ဂူတာပြင် သတင်းနဲ့ ပတ်သက်ပြီးတော့ မမှန်ကန်တဲ့ သတင်းတွေတင်နေတာ အဲဒါကိုလည်း မြေပြင်မှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့တွေနဲ့ စိစစ်လိုက် တယ်၊ စိစစ်တော့ မမှန်ဘူးပေါ့နော်၊ သတင်းဌာနာကို တရားစွဲဖို့တော့ ကျနော်တို့ လောလောဆယ် သိထား တယ်ပေါ့နော်၊ ဘယ်ဟာက ဘယ်သူက မီဒီယာဥပဒေနဲ့အညီ ငြိစွန်းနေလည်း ဒါတွေကတော့ ကျနော်တို့ ပြန်ကြည့်ရတာပေါ့"

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဘယ်လိုပုံစံနဲ့ ဘယ်တရားရုံးမှာ စွဲဆိုမယ်ဆိုတာကတော့ အတည်မပြုရသေးဘူး လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ ရုပ်အလောင်းတွေကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာ ၅ ခုလောက်တွေ့ရှိရပြီး တချို့အလောင်းတွေဟာ ဘယ်သူဘယ်ဝါမှန်းမသိရအောင် မျက်နှာကိုအက်ဆစ်နဲ့ လောင်းထားသလို သေနတ်နဲ့ပစ်ခတ်ပြီး ပုံဖျက်ထားတာမျိုးလည်း တွေ့ရတယ်လို့ AP သတင်းဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက ဂူတာပြင်ကျေးရွာမှာ တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် လူ ၄၀၀ လောက် သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးရောက်ရှိနေသူတွေက ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အဲဒီကိစ္စအပေါ် အစိုးရရဲ့တာဝန်ပေးချက်အရ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ လူ ၁၇ ဦးပါ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ရာမှာ AP သတင်းဌာန ရဲ့ဖော်ပြချက်တွေဟာ မှန်ကန်မှုမရှိတာကို တွေ့ရတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။