အစုအပြုံလိုက် မြှုပ်နှံထားတဲ့ ကျင်း ၅ ကျင်း စစ်ဆေးဖို့ ကုလနဲ့ ကန် ပြောကြား
2018.02.01
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarrice စတက်ဖင်းန် ဒူးဂျားရစ် က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ် ဂူတပြင်ရွာမှာ ရိုဟင်ဂျာတွေကို သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက်မြှုပ်နှံထားတဲ့ ကျင်း ၅ ကျင်းထပ်မံ တွေ့ရှိ တယ်ဆိုတဲ့ အေပီသတင်းနဲ့ပတ်သက်ပြီး အထူးစိုးရိမ်ပူပန်ကြောင်းနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးခွင့်ပြုဖို့ မြန်မာအစိုးရ ကို မနေ့က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဒီအရေးအခင်းနဲ့ပတ်သက်ပြီး ဂူတပြင်ရွာက ထွက်ပြေး လွတ်မြောက်လာသူ ရိုဟင်ဂျာမွတ်စလင် Kadir ကာဒီယားဆိုသူက သူနဲ့ သူ့သူငယ်ချင်းတချို့ ခြင်းလုံးခတ် ဖို့ ပြင်ဆင်နေစဉ်မှာ မြန်မာစစ်တပ်ရောက်ရှိလာပြီး အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ထွက်ပြေးကြရာမှာ သူနဲ့ တခြား သူငယ်ချင်းတစ်ဦးပဲ လွတ်မြောက်ခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာ သူ့ သူငယ်ချင်း ၆ ဦးရဲ့အလောင်းတွေကို စုပုံမြှုပ် ထားတဲ့ ကျင်း ၂ ကျင်းထဲမှာ တွေ့ရကြောင်း၊ သေဆုံးသူတွေရဲ့ မျက်နှာတွေဟာ အက်စစ်နဲ့ ပက်ဖြန်းခံရမှု ဒါမှမဟုတ် သေနတ်ကျည်ဆံ ဒဏ်ရာတွေကြောင့် ပျက်စီးနေပြီး ဖြစ်တဲ့အတွက် သူတို့အဝတ်အစားတွေကိုပဲကြည့် ပြီး ဘယ်သူ ဘယ်ဝါဆိုတာ ခွဲခြားရကြောင်း AP သတင်းဌာနကို ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်လာသူ ၂ဝ ကျော်ရဲ့ ထွက်ဆိုချက်အရ အဲဒီရွာမှာ အစုအပြုံလိုက်မြှုပ်နှံထားတဲ့ ကျင်း အနည်းဆုံး ၅ ကျင်းရှိတယ်လို့ ဆိုပါတယ်။
ဂူတပြင်ရွာကို အစိုးရက သွားရောက်ခွင့်မပြုတဲ့အတွက် လူဘယ်လောက် အသတ်ခံရတယ်ဆိုတာ အတိအကျ မသိနိုင်ပါဘူး။ ဒါပေမဲ့ လွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်အရ သေဆုံးသူ စုစုပေါင်း ၄ဝဝ အထိရှိနိုင်တယ် လို့ အေပီက ရေးပါတယ်။ လူသေတွေ မြှုပ်နှံထားတဲ့ ကျင်းတွေထဲက ၃ ကျင်းဟာ ရွာရဲ့မြောက်ဘက်အဝင် လမ်းမကြီး ရဲ့အနီးမှာရှိပြီး နောက်ထပ် ကျင်းအကြီး ၂ ခုကတော့ ရွာရဲ့သုသာန်နားမှာလို့ လွတ်လာသူတွေ က ပြောပါတယ်။ အေပီက ရတဲ့ဗီဒီယိုတွေမှာ အလောင်းတွေရဲ့ မျက်နှာကို အက်စစ်ငရဲမီး သုံးစွဲဖျက်ဆီးခဲ့တဲ့ လက္ခဏာတွေ တွေ့ရ တယ်လို့ ဆိုပါတယ်။ ရွာကို တောင်ဘက်နဲ့ မြောက်ဘက် ၂ ဘက်ညှပ်ပြီး လာရောက် ပစ်ခတ်တဲ့ မြန်မာတပ်ဖွဲ့ဝင် ၂ဝဝ ကျော်ဟာ လက်နက်တွေအပြင် ကျင်းတူးဖို့ ဂေါ်ပြားတွေ၊ အက်စစ်ရည်ပုံးတွေ ကိုပါ တခါတည်း သယ်ဆောင် လာတယ်လို့လည်း လွတ်မြောက်လာသူတွေက ထွက်ဆိုပါတယ်။
ကုလသမဂ္ဂ ပြောခွင့်ရသူ Stephane Dujarrice စတက်ဖင်းန် ဒူးဂျားရစ် က အဲဒီသတင်းကြောင့် အခင်းဖြစ်ပွား တဲ့ဒေသကို ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ သွားရောက်စစ်ဆေးဖို့လိုအပ်ကြောင်း ထင်ရှားနေတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီကလည်း မြန်မာ့တပ်မတော်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် စစ်ဆင်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုရဲ့ သွင်ပြင်လက္ခဏာတွေဖြစ်တယ် လို့ မနေ့က ဝေဖန်ပါတယ်။
HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကလည်း အခု သတင်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရမှာ တာဝန် ရှိကြောင်း၊ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေအနေနဲ့ မြန်မာအစိုးရအပေါ် ကုလသမဂ္ဂ ဦးဆောင်ပြီး ကမ္ဘာ့နိုင်ငံတွေက လက်နက်ရောင်းချမှု ပိတ်ပင်ရေးအတွက် ကြိုးပမ်းဖို့လိုကြောင်းနဲ့ လုံခြုံရေးကောင်စီ ကလည်း မြန်မာလုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ တရားရုံးတင် စစ်ဆေးနိုင်ရေးအတွက် လုပ်ဆောင်ရန်လိုကြောင်း ထုတ်ပြန်ပြောကြားပါတယ်။
မနေ့က ထပ်မံရရှိတဲ့သတင်းအရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ရခိုင်ပြည်နယ်ကို သွားရောက်ကြည့်ရှုဖို့ အတွက် အခု ဖေဖော်ဝါရီလအတွင်း လာရောက်ဖို့ မသင့်တော်သေးဘူးလို့ မြန်မာအစိုးရက ပြောဆိုကြောင်း သိရပါတယ်။ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကူဝိတ်အစိုးရ ကိုယ်စားလှယ်က မြန်မာအစိုးရအနေနဲ့ ကုလအဖွဲ့လာရောက်ရေးကို ပယ်ချခဲ့တာ မဟုတ်ကြောင်းနဲ့ လာမယ့် မတ်လ သို့မဟုတ် ဧပြီလလောက်မှာ သွားရောက်ခွင့်ရဖွယ်ရှိကြောင်း ပြောပါတယ်။
ဒီအတွင်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဌာနက ဂူတပြင်ရွာမှာ လူတွေအစုလိုက် အပြုံလိုက်မြှုပ်နှံထားတဲ့ သတင်းကို ကြားသိရတဲ့အတွက် အထူးစိတ်ပျက်ရကြောင်း၊ မြန်မာပြည်က အခြေအနေတွေကို အထူးသတိထား စောင့်ကြည့်နေကြောင်းနဲ့ အဲဒီ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူဖို့ ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
ဒီအတောအတွင်းမှာပဲ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ Ed Royce အက်ဒ် ရွိုက်စ် က ရိုက်တာ သတင်းထောက်တွေကို သူတို့ရဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်မှုအတွက် ဖမ်းဆီးထားတာဟာ အင်မတန် စိတ်ပျက်ဖွယ်ကောင်းလှကြောင်း၊ ဒ့ါအပြင် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို အစိုးရတပ်ဖွဲ့က သတ်ဖြတ်ပြီး အစုအပြုံလိုက်မြှုပ်နှံထားတဲ့ ကျင်း ၅ ကျင်း ထပ်မံတွေ့ရှိရတယ်ဆိုတဲ့ သတင်းကို ရရှိခဲ့ကြောင်း၊ လူမျိုးတုံးရှင်းလင်းမှုကို မြန်မာတပ်ဖွဲ့တွေအနေနဲ့ ရပ်ဆိုင်းဖို့လိုကြောင်းနဲ့ အမေရိကန်အစိုးရအနေနဲ့ ဒီကိစ္စတွေ အပေါ် အရေးယူဖို့ အောက်လွှတ်တော်က တောင်းဆိုလိုက်ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန် ပြောကြား ပါတယ်။