ဘူးသီးတောင်မြို့နယ်မှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ သင်္ချိုင်း ၅ ခုတွေ့ရှိ
2018.02.01

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ရွာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နောက်ထပ် သင်္ချိုင်း ၅ ခု ထပ်မံတွေ့ရှိခဲ့ရတယ်လို့ AP သတင်းက ဖေါ်ပြပါတယ်။
တချို့အလောင်းတွေကို ဘယ်သူဘယ်ဝါမှန်းမသိရအောင် မျက်နှာကို အက်စစ်နဲ့ လောင်းထားသလို၊ သေနတ်နဲ့ ပစ်ခတ် ပုံဖျက်ထားတာတွေ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လက စစ်တပ်က နယ်မြေရှင်းလင်းစဉ်အတွင်း ဂူတာပြင်ရွာမှာ လူလေးရာလောက် သေ ဆုံးခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြသူတွေက ပြောဆိုတယ်လို့လည်း ဖေါ်ပြပါတယ်။
အလောင်းတွေကို ပုံဖျက်ထားပေမယ့် ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ဘယ်သူဘယ်ဝါတွေ ဆိုတာ သိရတယ်လို့ ပြောဆိုသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒါဟာ လူမျိုးတုံး သတ်ဖြတ်တဲ့ လက္ခဏာဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြောဆိုတယ်လို့လည်း AP က ဖေါ်ပြပါတယ်။