ဘူးသီးတောင်နဲ့ မောင်တောမှာ ညမထွက်ရအမိန့် AA ထုတ်
2024.04.26
စစ်ကောင်စီတပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်နှစ်ခုမှာ ညမထွက်ရအမိန့်ကို ဧပြီလ ၂၆ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက်ပြုလုပ်တာကြောင့် ဒီမြို့နယ်နှစ်ခုမှာ ည ခုနစ်နာရီကနေ မနက်ခြောက်နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်တာလို့ AA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီအမိန့်ထုတ်ပြန်တဲ့နေ့ကစပြီး ရုတ်သိမ်းကြောင်း မထုတ်ပြန်မချင်း ဘူးသီးတောင်နဲ့ မောင်တောဒေသမှာ နေထိုင်ကြသူတွေအနေနဲ့ မပျက်မကွက် လိုက်နာကြဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်သူတွေကို အပြစ်ပေး အရေးယူတာတွေ လုပ်သွားမယ်လို့လည်း သတိပေးထားပါတယ်။
မဖြစ်မနေသွားလာရမယ့် ကိစ္စရှိလာရင် သက်ဆိုင်ရာ AA အုပ်ချုပ်ရေးတာဝန်ခံတွေဆီ ကြိုတင်အကြောင်းကြား၊ ခွင့်ပြုချက်ရယူပြီးမှ သွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်နဲ့ AA တို့ကြား ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့တွေမှာ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်နေပြီး ဘူးသီးတောင်မြို့က စစ်ကောင်စီရဲ့ စကခ (၁၅) ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ရခိုင်ဒေသအတွင်း မတူညီတဲ့ လူ့အဖွဲ့အစည်းတွေအကြား ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖြစ်အောင်ကြိုးစားနေတယ်လို့လည်း AA က ဆိုပါတယ်။
စစ်ကောင်စီက မွတ်စလင်တွေကို စစ်သင်တန်းပေးပြီး တိုက်ပွဲတွေမှာ အသုံးပြုတာ၊ မွတ်စလင်အကြမ်းဖက်အဖွဲ့တွေကို လက်နက်တွေ တပ်ဆင်ပေးနေပြီး လူမျိုးရေးပဋိပက္ခဖြစ်ပွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးလုပ်ဆောင်နေတယ်လို့လည်း ရေးသားထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်အဖွဲ့တွေကလည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးဖြစ်စေ၊ စစ်ကောင်စီသင်တန်းဆင်းထားသူတွေကဖြစ်စေ AA ကို တိုက်ခိုက်လာပြီး အခြားပြည်သူတွေရဲ့ ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူတာ၊ နေအိမ်တွေ မီးရှို့တာတွေ လုပ်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။ ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စွပ်စွဲခံရတဲ့ စစ်ကောင်စီ စစ်သင်တန်းဆင်းထားသူတွေရဲ့ တုံ့ပြန်ချက်တွေ ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။
ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ဘူးသီးတောင်မြို့မှာ ဧပြီလဆန်းကစပြီး သူ့အိမ်အပါအဝင် နေအိမ် ငါးထောင်ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ RFA ကို ပြောထားပါတယ်။ အဲဒီလိုနေအိမ်တွေကို မီးရှို့တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ လူမျိုးရေးပဋိပက္ခတွေကို ဘယ်တုန်းကမှ မလုပ်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ ဧပြီလ ၁၈ ရက်နေ့က တုံ့ပြန်ထားပါတယ်။
ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုရိုနေဆန်းလွင်ကတော့ ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ အိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ဖောက်ထွင်းတဲ့အခါမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့အတင်းအဓမ္မခေါ်ယူပြီး စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာလူငယ်တွေကိုပါ ခေါ်သွားပြီး အမြင်လွဲစရာတွေ၊ နားလည်မှုလွဲစရာတွေဖြစ်အောင် ဖန်တီးနေတယ်လို့ RFA ကို ပြောပါတယ်။