ဘူးသီးတောင်မှာ အိမ် ၂၆ လုံး မီးလောင်ခဲ့ကြောင်း AA ထုတ်ပြန်
2024.12.21

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ် (၄) ရပ်ကွက်မှာ အိမ် ၂၆ လုံး မီးလောင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ AA က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်နေ့ညနေက အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ အာလီဂျူဟရဲ့ နေအိမ်ကနေ မီးစလောင်ခဲ့တာဖြစ်ပြီး အနီးဝန်းကျင်က နေအိမ်တွေကိုပါ မီးကူးဆက်ခဲ့တာလို့ ဆိုပါတယ်။
AA တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းငြိမ်းသတ်တာကြောင့် ညနေ ၆ နာရီလောက်မှာ မီးငြိမ်းသွားတယ်လို့ ရေးသားထားပါတယ်။
ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ကိုရိုနေဆန်းလွင်ကတော့ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ ရိုဟင်ဂျာနေအိမ်တွေကို AA က မီးရှို့လိုက်တယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဒီဇင်ဘာ ၂ဝရက်နေ့က ရေးသားထားပါတယ်။ AA ကတော့ ဒီမီးလောင်မှုကို စုံစမ်းစစ်ဆေးနေပြီး နောက်ဆက်တွဲသတင်းထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ဘူဘူးသီးတောင်မြို့နယ်ကို မေလ ၁၈ ရက်နေ့မှာ AA သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း AA တပ်ဖွဲ့ဝင်တွေဟာ ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ရိုဟင်ဂျာအရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံတကာက ရိုဟင်ဂျာအရေး လှုပ်ရှားတဲ့ အဖွဲ့တွေဘက်က မေလ ၂၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။
AA ဘက်ကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ မရှိကြောင်းနဲ့ လူမျိုးဘာသာမရွေး ကူညီကယ်ဆယ်မှုတွေ လုပ်ပေးနေကြာင်း မေ ၂ဝ ရက်နေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။
ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက RFA ကို ဧပြီလ ၁၉ ရက်နေ့က ပြောထားပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ စစ်ကောင်စီနဲ့ လက်အောက်အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅၀၀ ကျော် ဆုံးရှုံးခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar က မေလ ၅ ရက်က ထုတ်ပြန်ထားပါတယ်။