ဘူးသီးတောင်မှာ အရပ်သားနှစ်ဦးကို ARSA က သတ်ဖြတ်ခဲ့ကြောင်း AA ထုတ်ပြန်

RFA Burmese
2024.10.11
ဘူးသီးတောင်မှာ အရပ်သားနှစ်ဦးကို ARSA က သတ်ဖြတ်ခဲ့ကြောင်း AA ထုတ်ပြန် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် သတ်ဖြတ်ခံရသည့် အရပ်သားနှစ်ဦးကို မြှုပ်နှံထားသည့်နေရာအား AA မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
Screenshot: AA Info Desk - Telegram Video

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ နေအိမ်ဆောက်လုပ်ဖို့အတွက် တောင်ပေါ်မှာ ဝါးခုတ်သွားတဲ့ အရပ်သား နှစ်ဦးကို အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) က သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းတွေကို အောက်တိုဘာလ ၁၀ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်က ဦးစံရွှေမောင်နဲ့ ဦးမောင်မြအောင်တို့ဟာ အောက်တိုဘာလ ၇ ရက်နေ့ကတည်းက ဝါးခုတ်သွားရင်း ပျောက်ဆုံးနေခဲ့တာပါ။

သူတို့ကို လိုက်လံရှာဖွေတဲ့အခါ ဂုံးနားရွာက အိမ်ခြံဝင်းထဲမှာ ဦးခေါင်းဖြတ်ပြီး မြေမြှုပ်ထားတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိပြီး AA ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ ဝန်ထမ်းတွေ၊ မှုခင်းဆိုင်ရာ ဆေးဝန်ထမ်းတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က တူးဖော်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အရပ်သား နှစ်ဦးကို သတ်ဖြတ်သွားတဲ့ ARSA အဖွဲ့ဝင်တွေကို လိုက်လံရှာဖွေနေတယ်လို့လည်း AA က ပြောပါတယ်။

အရပ်သားတွေကို ARSA သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို ARSA အဖွဲ့ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

အောက်တိုဘာလ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ တောင်ပြိုမြို့ကနေ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ပြီး ပြန်လာတဲ့ အရပ်သားကားတစ်စီးကို ARSA က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကလည်း မောင်တောမြို့နယ်မှာ အရပ်သားကားတစ်စီးကို ARSA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ငါးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ မောင်တောမြို့နယ်ထဲမှာ AA နဲ့ ARSA တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားမှုတွေလည်း ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။