ရခိုင်ပြည်သွား ခရီးသည်တင် ဘတ်စ်ကား တိမ်းမှောက်
2013.01.23
တိမ်းမှောက်မှုမှာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ၁ဝ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ကုတ်မြို့က အောင်သစ္စာ ကားလိုင်းပိုင်ရှင် ဦးစိုးရွှေက RFA ကို အတည်ပြု ပြောကြားပါတယ်။
အဲဒီထိခိုက်ဒဏ်ရာရတဲ့ ခရီးသည်တွေထဲက ဒဏ်ရာပြင်းထန်တဲ့သူတွေကို သံတွဲဆေးရုံကြီးကို အရေးပေါ်ပြောင်းရွှေ့ပေးလိုက်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရဲဇာနည် ဖေ့စ်ဘုတ်စာမျက်နှာမှာတော့ ကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိတဲ့သူတွေဟာ သံဃာတော် ၃ ပါး၊ ကျား ၂၆ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၃၃ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့မနက်က ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့တာဟာ နေပူတောင်အဆင်း ပေ ၁၂၀ ခန့်အမြင့်က ချောက်ထဲထိုးဆင်းသွားခဲ့တာဖြစ်ပြီး ပြည်မြို့နဲ့ဆိုရင် မိုင် ၇၀ ခန့်ကွာဝေးတဲ့နေရာတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။ အောင်သစ္စာ ခရီးသည်တင် လေအိတ်ကားလိုင်းဟာ ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ်ကနေ ရန်ကုန်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတစ်ခုလည်း ဖြစ်ပါတယ်။