ဘူးသီးတောင်က MSF ရုံး မီးလောင်ပျက်စီး
2024.04.17

[Update: 4: 45 PM, April 17, 2024]
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က MSF နယ်စည်းမခြားဆရာဝန်များအသင်းရဲ့ ရုံးနဲ့ဆေးခန်းဟာ ဧပြီလ ၁၅ ရက်နေ့က မီးရှို့ခံရတယ်လို့ အဖွဲ့က ထုတ်ပြန်ပါတယ်။ ဝန်ထမ်းတွေဘေးကင်းခဲ့ပေမယ့် ရုံးသုံးပစ္စည်းတွေနဲ့ ဆေးတွေအားလုံး မီးလောင်တဲ့အထဲ ပျက်စီးဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။
အဲဒီအထဲမှာ ပဋိဇီဝဆေးတွေ၊ နမိုးနီးယားလိုရောဂါကုတဲ့ ကိရိယာတွေ၊ အထူးသဖြင့် ၅ နှစ်အောက်ကလေးတွေအတွက် ကာကွယ်ဆေးတွေ ပါသွားပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့ကတည်းကဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေပိုဆိုးလာပြီး အခုလိုဖျက်ဆီးခံရတာလို့ ဆိုပါတယ်။ အိမ်ပေါင်း နှစ်ရာကျော် မီးထဲပါသွားတယ်ဆိုတဲ့သတင်းတွေလည်း ရရှိပြီး၊ ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပါဝင်ပတ်သက်တဲ့အဖွဲ့တွေအနေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေအတိုင်း ဆေးဘက်ဆိုင်ရာတွေကို အကာအကွယ်ပေးဖို့ တိုက်တွန်းပါတယ်လို့ MSF က ပြောပါတယ်။ အဲဒီအပြင် ဆေးဘက်ဆိုင်ရာပစ္စည်းတွေ သယ်ယူပို့ဆောင်ပြီး ဆေးခန်းနဲ့ ရုံး အမြန်ဆုံးပြန်ဖွင့်နိုင်အောင်စဉ်းစားပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။
နယ်စည်းမခြားဆရာဝန်များအသင်း (MSF) ဟာ ဒေသတွင်းမှာရှိနေတဲ့ ဆင်းရဲနွမ်းပါးသူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို အခမဲ့ ဆေးကုသမှုပေးနေတဲ့နဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရုံးမီးရှို့ခံရတာဟာ ဒေသခံတွေအတွက် နစ်နာရတယ်လို့ ဘူးသီးတောင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီရုံးမီးရှို့ခံရတော့ ပြည်သူလူထုအတွက် အများကြီး နစ်နာမှုရှိတာပေါ့။ ဆေးခန်းဖွင့်တယ်ဆိုတာကလည်း ပြည်သူလူထုအတွက်၊ မကျန်းမမာဖြစ်နေသူတွေအတွက် အခမဲ့ ဆေးခန်းဖွင့်ပေးနေတာလေ။ ဆိုတော့ အဲဒီဆေးဝါးတွေပါသွားတော့ ပြည်သူလူထု နစ်နာတာနဲ့ အတူတူပေါ့”
ဘူးသီးတောင်မြို့ပေါ်မှာ ဖွင့်ထားတဲ့ MSF ရုံးကို ရခိုင်ပြည်နယ်က တစ်ကျော့ပြန်တိုက်ပွဲတွေ စဖြစ်လာစဉ်မှာ ပိတ်ထားခဲ့တာဖြစ်ပြီး ဆရာဝန်တွေနဲ့ ဝန်ထမ်းတွေဟာ မတ်လအတွင်းက စလို့ တိမ်းရှောင်နေကြတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
(မှတ်ချက်။ ဘူးသီးတောင်မြို့ခံတစ်ဦး၏ ပြောဆိုချက်စာသားကို ဖြည့်စွက်ရေးသားထားပါသည်။)