တမူးမြို့နယ် ထန်းတပင်ရွာကို ပျူစောထီးအဖွဲ့ မီးရှို့နေပြီး ဒေသခံလေးဦးကို ပစ်သတ်ခဲ့

RFA Burmese
2023.12.04
တမူးမြို့နယ် ထန်းတပင်ရွာကို ပျူစောထီးအဖွဲ့ မီးရှို့နေပြီး ဒေသခံလေးဦးကို ပစ်သတ်ခဲ့ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ် ထန်းတပင်ရွာ မီးလောင်နေသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

အိန္ဒိယ - မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ထန်းတပင်ရွာကို ဒီဇင်ဘာ ၃ ရက်ကနေ ၄ ရက် ဒီနေ့အထိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေ မီးရှို့နေပြီး ဒီနေ့မနက်မှာလည်း ရွာထဲပြန်ဝင်လာတဲ့ ဒေသခံ လေးဦးကို ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ခရစ်ယာန်ဘုရားကျောင်းအပါအဝင် နေအိမ်တွေကို နှစ်ရက်ဆက်တိုက် မီးရှို့နေတာဖြစ်ပြီး သူတို့ ဖမ်းဆီးသွားတဲ့ ဒေသခံတစ်ရာကျော်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့က ရွာကနေ ရှောင်ကြတာကြာပြီ။ ရွာထဲမှာကျန်တဲ့ ရွာသားတစ်ရာကျော်လောက်ကို ပျူတွေက လေးမိုင်စခန်းကို ခေါ်သွားတာ။ အဲကနေတစ်ဆင့် တမူးကိုပို့တာ။ တမူးကမှ သူတို့ကို ပြန်လွှတ်ပေးတာ။ ပြန်လွှတ်ပေးတဲ့သူတွေက ရွာထဲကို တချို့ပြန်ဝင်ကြတာ။ သူတို့က အိမ်တွေ မီးလောင်တဲ့အထဲ ပါသွားသလား၊ ကျန်သေးရင် ပစ္စည်းတွေပြန်သယ်ဖို့ပေါ့။ ဒါပေမဲ့ ရွာထဲက ပျူစောထီးတွေနဲ့တွေ့ပြီး ပစ်သတ်ခံရတာ လေးယောက် ရှိတယ်။ မီးက ဒီနေ့ရော၊ မနေ့ကပါ ရှို့နေတယ်။ အဝေးကနေ မီးခိုးလုံးတွေ လှမ်းမြင်နေရတယ်”

လက်ရှိအချိန်အထိ ရွာထဲမှာ ပျူစောထီးတွေရှိနေတာကြောင့် သေဆုံးတဲ့ ဒေသခံလေးဦးရဲ့ အချက်အလက်နဲ့ မီးလောင်ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကို ဒေသခံတွေအနေနဲ့ မသိရသေးသလို RFA အနေနဲ့လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ထန်းတပင်ရွာခံ အားလုံးနီးပါး ဘေးလွတ်ရာနေရာတွေနဲ့ အိန္ဒိယနယ်စပ်အနီးမှာ တိမ်းရှောင်နေကြရသလို ဖမ်းဆီးခံရမှုကနေ ပြန်လွတ်လာသူတွေလည်း တမူးမြို့ကဆွေမျိုးတွေအိမ်နဲ့ ဘုရားကျောင်းတွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်သုံးရာနီးပါးရှိတဲ့ ထန်းတပင်ရွာဟာ တမူးမြို့နဲ့ လေးမိုင်ခန့်ကွာဝေးပြီး အိန္ဒိယနယ်စပ်စည်းမျဉ်းနဲ့ တစ်မိုင်ခန့် ကွာဝေးပါတယ်။

နိုဝင်ဘာ ၂၁ ရက်ကလည်း အဲဒီရွာမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ပျူစောထီး နှစ်ဦးသေဆုံးကာ ပျူစောထီးအဖွဲ့ခေါင်းဆောင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ဦးမြင့်အောင်အပါအဝင် လေးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။