ရေစကြိုမြို့ ရွာလေးရွာက နေအိမ်နှစ်ရာခန့် မီးရှို့ခံရ၊ ဒေသခံ ငါးထောင်ထက်မနည်း ထွက်ပြေးနေရ

2022.10.30
ရေစကြိုမြို့  ရွာလေးရွာက နေအိမ်နှစ်ရာခန့် မီးရှို့ခံရ၊ ဒေသခံ ငါးထောင်ထက်မနည်း ထွက်ပြေးနေရ မီးရှို့ဖျက်ဆီးခံရသည့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စိုင်သေရွာမှ နေအိမ်များကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရွာလေးရွာကို အောက်တိုဘာလ ၂၉ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် နှစ်ရာနီးပါး ပျက်စီးခဲ့ပြီး အဲဒီရွာတွေ က ဒေသခံ ငါးထောင်ထက်မနည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စိုင်သေ၊ သံပြာချောင်း၊ မြေမလှနဲ့ အောင်သပြေ (ခံစပ်တော) ရွာတွေ မီးရှို့ခံရတာဖြစ်ပြီး အနီးအနားရွာတွေက ဒေသခံတွေပါ ထွက်ပြေးနေရတယ်လို့ သံပြာချောင်းရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"ထွက်ပြေးနေရတာ လူဦးရေ အနည်းဆုံး ငါးထောင်ရှိမှာပဲ။ အခုလက်ရှိ ကျနော်တို့ မြိုင်နယ်ထဲမှာ စစ်ဘေးရှောင်နေရတော့ ရေအခက်အခဲ တော်တော်ဖြစ်နေကြတာ။ သူတို့ ရေတွင်းတွေကလည်း ပျက်နေကြတော့ ရေရော၊ မီးရောပေါ့။ ဒီမှာ အင်တာနက် လိုင်းကလည်း ဖြတ်ထားတယ်လေ။ ဖုန်းအားသွင်းဖို့ မလွယ်ဘူး။ အင်တာနက်လိုင်းရော ဖျက်ထားတော့ ကျနော်တို့ သတင်းအချက်အလက် ဘာတွေဖြစ်နေလဲမသိရဘူး"

စစ်ကြောင်းဝင်ရောက်ခါနီး ဖုန်းလိုင်းတွေပါ ဖြတ်တောက်ပြီး ရုတ်တရက်ဝင်ရောက်တာ ဖြစ်လို့ ဘာပစ္စည်းမှမယူနိုင်ဘဲ သက်ကြီးရွယ်အိုတွေကို ထမ်းပိုးပြီး ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။

သံပြာချောင်းရွာဟာ လူဦးရေ နှစ်ထောင်ခန့်ရှိသလို အခြားရွာတွေကတော့ တစ်ရွာကို လူဦးရေ ငါးရာကျော်ကနေ တစ်ထောင်အထိရှိပြီး အဲဒီရွာတွေမှာ NUG ရဲ့ စာသင်ကျောင်း ဖွင့်တာနဲ့ PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မီးရှို့ခံနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၂၈ ရက်ညမှာ စစ်ကောင်စီတပ်သား အင်အား ၅၀ ဝန်းကျင်ဟာ စိုင်သေရွာကို ဝင်ရောက်ခဲ့ပြီး နောက်နေ့မနက် ၅ နာရီမှာ မီးရှို့တာကြောင့် နေအိမ် ၄၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ စိုင်သေရွာသားတွေက ပြောပါတယ်။

အဲဒီနောက် သံပြာချောင်းကို ထပ်မံဝင်ရောက် မီးရှို့လို့ နေအိမ် ၇၅ လုံးနဲ့ မြေမလှရွာက နေအိမ် ၅၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ညကလည်း အောင်သပြေ (ခံစပ်တော) ရွာကို ဆက်လက်မီးရှို့ခဲ့ပြီး ပျက်စီးမှုနဲ့ ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ ဦးစိုးပိုင်မြင့်ကို RFA က ဖုန်းခေါ်ဆို မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာလည်း စစ်ကြောင်းဟာ သံပြာချောင်းရွာကနေ တစ်မိုင်ခန့်ဝေးတဲ့ ရွာထောင်ရွာ မှာပဲရှိသေးလို့ ရွာတွေကို မပြန်ရဲကြသေးတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။