ဆားလင်းကြီးမှာ ရွာလေးရွာ မီးရှို့ခံရပြီး သက်ကြီးရွယ်အိုနှစ်ဦး အသတ်ခံရ

RFA Burmese
2022.12.03
ဆားလင်းကြီးမှာ ရွာလေးရွာ မီးရှို့ခံရပြီး သက်ကြီးရွယ်အိုနှစ်ဦး အသတ်ခံရ မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ဆာလင်းကြီးမြို့နယ်၊ ထန်းဇင်ကျေးရွာမှ နေအိမ်များကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁ ရက် နေ့အတွင်း ထန်းဇင်၊ ဆားထုံး၊ လက်ပံကျွန်း၊ တောကျောင်းစတဲ့ ရွာလေးရွာ မီးရှို့ခံရပြီး အသက် ၈၀ အရွယ် အဘွားအိုနှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"ရွာလေးရွာ မီးရှို့ခံရတယ်။ ထန်းဇင်ရွာမှာ အိမ် ၂၆ လုံး လောင်တယ်။ ဆားထုံးက အိမ်ခြေ ၁၂၂ လုံး၊ တောင်ကျောင်းက ၃၂ လုံး၊ လက်ပံကျွန်းရွာက ၃၄ လုံး လောင်သွား တယ်။ ဆားထုံးမှာက အသက် ၈၀ ကျော် အဘွားကြီး နှစ်ယောက်ကိုသတ်ပြီး မီးထဲ ထည့်ထားခဲ့တယ်။ ဒေါ်မကြီးနဲ့ ဒေါ်သန်းငွေတဲ့။ သူတို့နှစ်ယောက် အသတ်ခံရတာက ဒီဇင်ဘာလ ၁ ရက်နေ့မှာဖြစ်တာ"

မီးရှို့ခဲ့တဲ့စစ်ကြောင်းဟာ စစ်ကြောင်းနှစ်ကြောင်း ပြန်ခွဲပြီးနောက် တစ်ကြောင်းက ခင်ဦးမြို့နယ်ထဲက ကျွဲကုန်းတောရွာကို ဝင်ရောက်သွားသလို တစ်ကြောင်းကတော့ ဆားလင်းကြီးမြို့ပေါ်မှာ ကင်းပုန်းတွေချထားပြီး တပ်စွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ခံရတဲ့ ရွာလေးရွာက လက်ရှိထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၁၅၀၀ ဝန်းကျင်ခန့် ရှိတယ်လို့လည်း ဆိုပါတယ်။

နိုဝင်ဘာလ ၂၄ ရက်နေ့ကနေ ၃၀ ရက်အထိ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက် လာတဲ့ စစ်ကောင်စီတပ်ရေယာဉ် ၁၁ စီးကို PDF တွေက တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီ စစ်ကြောင်းက ကုန်းပေါ်ကိုတက်လာပြီး အခုလို ရွာတွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေ မီးရှို့ဖျက်ဆီးတာ မရှိဘူးလို့ ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန် ငြင်းဆိုထားပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့ အစီရင်ခံစာအရ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲမှာ နေအိမ် ၂၆,၉၇၀ လုံး မီးရှို့ဖျက်ဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။