ရေဖြူမြို့က ဆောက်လုပ်နေဆဲ အကျဉ်းထောင် လုပ်ငန်းခွင် မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2023.12.04
ရေဖြူမြို့က ဆောက်လုပ်နေဆဲ အကျဉ်းထောင် လုပ်ငန်းခွင် မီးရှို့ဖျက်ဆီးခံရ ထားဝယ်ထောင်အသစ် ဆောက်လုပ်ရေးလုပ်ငန်းခွင် မီးလောင်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဇီးကျရွာမှာ တည်ဆောက်နေတဲ့ စစ်ကောင်စီရဲ့ အကျဉ်းထောင်အသစ်အတွက် ဆောက်လက်စ လုပ်ငန်းခွင် ဒီဇင်ဘာလ ၃ ရက် မနေ့က မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၉ နာရီဝန်းကျင်မှာ ဆောက်လက်စ လုပ်ငန်းခွင်ထဲက အလုပ်သမား တန်းလျားနဲ့ မြေတူးယာဉ် (Backhoe) နှစ်စီး မီးရှို့ဖျက်ဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“Backhoe (မြေတူးယာဉ်) နှစ်စီးနဲ့ အလုပ်သမား တန်းလျားတွေကို ရှို့တာပေါ့။ Backhoe က ပျက်စီးသွားတယ်။ အလုပ်သမားတွေကိုလည်း သူတို့ (စစ်ကောင်စီ) က ပြန်ခိုင်းလိုက်ပြီ”

ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာနဲ့ ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုတော့ ဒေသခံတွေအနေနဲ့ မသိရသေးသလို RFA အနေနဲ့လည်း သီးခြား အတည် မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

အဲဒီအကျဉ်းထောင်အသစ်ကို လွန်ခဲ့တဲ့ သုံးလကျော်ကတည်းက တည်ဆောက်နေတာဖြစ်ပြီး အခု မီးရှို့ခံရပြီး နောက်မှာတော့ လုပ်ငန်းတွေ ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ဇီးကျရွာအနီးမှာ အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီးနောက် အဲဒီရွာနဲ့နီးတဲ့ မောင်မယ်ရှောင်ရွာကို စစ်ကောင်စီ တပ်သားတွေ ဝင်လာပြီး ဒေသခံအချို့ကို ဖမ်းဆီးခဲ့သလို အဲဒီအထဲက တစ်ဦးရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၆ ရက်နေ့မှာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။