မတ္တရာမြို့နယ် ဥဒိန်ရွာမှာ နေအိမ် ငါးဆယ်ခန့်မီးရှို့ခံရပြီး ပြည်သူ တစ်သောင်းကျော် ထွက်ပြေးနေရ
2023.12.31

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက ဥဒိန်ရွာထဲကို ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ အင်အား တစ်ရာကျော်ပါစစ်ကြောင်း ဝင်ရောက်မီးရှို့တာကြောင့် နေအိမ်ငါးဆယ်ခန့် မီးလောင်ခဲ့ပြီး ဥဒိန်ရွာ အပါအဝင် အနီးအနားရွာတွေက ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ Wetlet Informational Network အဖွဲ့က ပြောပါတယ်။
ဒီနေ့မနက် ခြောက်နာရီဝန်းကျင်မှာ စစ်ကောင်စီ တပ်သားတွေ လက်နက်ကြီး၊ လက်နက် ငယ်နဲ့ ပစ်ခတ်ကာ ဥဒိန်ရွာထဲ ဝင်ရောက်ခဲ့ပြီးနောက် မနက် ခုနစ်နာရီခန့်မှာ နေအိမ်တွေကို မီးစရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ တစ်ထောင်ကျော်နဲ့ လူဦးရေ ငါးထောင်ကျော်ရှိတဲ့ ဥဒိန်ရွာ အပါအဝင် တုံကုန်း၊ မြွေဟင်္သာ၊ မြွေတလိုင်း၊ မြစ်တဘက်၊ မြွေပုန်ကန်(အရှေ့၊ မြောက်၊ တောင်)၊ မြွေကြည် ကုန်း၊ မြွေမြစ်ရိုး၊ မြွေတဲအုပ်၊ မြွေပုသိမ်၊ မြွေကူတို့ဆိပ် စတဲ့ အနီးအနားရွာ တွေက ပြည်သူ တစ်သောင်းကျော် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမရှိဘဲ မီးဝင်ရှို့ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ကိုးနာရီကျော်မှာတော့ ဥဒိန်ရွာကနေ တစ်ဆင့် တုံကုန်းရွာထဲကို ဆက်ဝင်နေတယ်လို့ Wetlet Informational Network အဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“မနက်ခင်းက စစ်ကြောင်း ဝင်တာပေါ့။ ကားငါးစီးနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာပြီးတော့မှ ပြည်သူပိုင်အိမ်တွေကို အကြောင်းမဲ့သက်သက် မီးရှို့တာ။ မီးရှို့တာက ခုနစ်နာရီကစရှို့တာ။ တိုက်ပွဲလည်း မရှိဘူး။ ဘာဆိုဘာမှမရှိဘဲ အကြောင်းမဲ့ သက်သက် ဝင်လုပ်တာဗျ။ အခုက ဥဒိန်ကျေးရွာကနေ ထွက်သွားပြီး တော့မှ တုံကုန်းရွာထဲ ဝင်နေတယ်။ အခုချိန်ထိတော့ လှုပ်ရှားမှု ထပ်မရှိသေးဘူးဗျ”
မတ္တရာအခြေစိုက် ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကတော့ အဲဒီစစ်ကြောင်းကို ဒေသခံ အခြေပြု ကာကွယ်ရေးတပ်ဖွဲ့တွေ ကြားဖြတ် တိုက်ခိုက်တာရှိတယ်လို့ RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ သူတို့ (စစ်ကောင်စီ) စစ်ကြောင်းထိုးတာကို ဒီဘက်က ကာကွယ်ရေးအဖွဲ့တွေက ခုခံတာတော့ရှိတယ်။ ပြန်ခုခံရင် တိုက်ပွဲသဘော လည်း ဖြစ်သွားတာပေါ့။ ဒီဘက်ကလည်း စစ်ကြောင်း ထိုးတာကို ဖြတ်တိုက်တာ”
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းတဲ့အခါ စစ်ဆင်ရေး ကိစ္စတွေကို သူ့အနေနဲ့ မသိဘူးလို့သာ ဖြေဆိုပါတယ်။
စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ ဒီနေ့မနက်ပိုင်း မတ္တရာ မြို့နယ်၊ ဥဒိန်ရွာမှာ KIA၊ TNLA၊ PDF တပ်တွေနဲ့ တိုက်ပွဲ ပြင်းထန်နေပြီး အဲဒီအဖွဲ့ တွေကို စစ်ကူဖို့ ဟင်္သာရွာသစ်ဘက်ကနေ ဥဒိန်ရွာဘက်ကို မြစ်ကြောင်းအတိုင်း စက်လှေတွေနဲ့ အင်အား အလုံးအရင်း လာနေတယ်လို့ ရေးသားနေကြပါတယ်။
ဒီနေ့ နေ့လယ် ၁၁ နာရီခွဲခန့်မှာလည်း သုံးဆယ်ပေးရွာထဲကို စစ်ကောင်စီတပ်က ကားသုံးစီး နဲ့ရောက်နေပြီး သုံးဆယ်ပေးရွာမှာ ကားတွေကို ရပ်ထားပြီးနောက် ခြေလျင် စစ်ကြောင်းနဲ့ ကုန်းကြီးရွာထဲကို ဝင်နေတယ်လို့ Wetlet Informational Network က အသိပေးထားပါတယ်။