HIV-AIDS ဝေဒနာသည်များအတွက် မြန်မာ-အမေရိကန် လူငယ်များ ရန်ပုံငွေရှာဖွေ

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် လူစည်ကားတဲ့ မြိုလယ်ခေါင်မှာ နိုဝင်ဘာ ၂၈ ရက် မနေ့က မြန်မာ-အမေရိကန် ကလေးလူငယ်တွေ စုပေါင်းပြီး ပြည်တွင်းက HIV-AIDS ဝေဒနာသည်တွေအတွက် ရန်ပုံငွေရှာဖွေပွဲ စတင် ကျင်းပခဲ့ပါတယ်။

2010.11.29
aids_hiv_red_ribbon_305_z.png မြန်မာနိုင်ငံမှ HIV/AIDS ရောဂါသည်များအတွက် နိုဝင်ဘာ ၂၈ ရက်နေ့က အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်တွင် အဆိုအကများဖြင့် ရန်ပုံငွေ ရှာဖွေ စုဆောင်းနေသည့် မြန်မာ ကျောင်းသူ ကျောင်းသားလေးများ ဖြစ်ပါသည်။ (Photo: Red Ribbon Campaigners)
(Photo: Red Ribbon Campaigners)

ဒီလှုပ်ရှားမှုကို အပတ်စဉ်အားလပ်ရက် တနင်္ဂနွေနေ့တိုင်း ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကောလိပ်ကျောင်းသား ကိုချမ်းမြေ့အောင်က ပြောပါတယ်။

“အဓိက ကျွန်တော်တို့ ဒီ မြန်မာနိုင်ငံထဲမှာ ရှိတဲ့ refugee တွေအတွက်၊ နောက်ပြီးလို့ရှိရင် မြန်မာနိုင်ငံထဲက HIV ရောဂါ ဖြစ်နေတဲ့ လူတွေအတွက်ကို fund raising လုပ်တာပေါ့။ နောက်ပြီးလို့ရှိရင် awareness ဖြစ်ဖို့။ ကျွန်တော်တို့ အခုဟာ ဒီစီမှာ Dupont Circle နားမှာ လူတွေကို flyer တို့၊ တီရှပ်တို့ ဝေပေးနေပါတယ်။ ဝေပြီးတော့ ကလေးတွေနဲ့ ကျွန်တော်တို့က ဖျော်ဖြေရေး လုပ်တယ်။ ဥပမာ၊ သီချင်းဆိုတယ်၊ ဂစ်တာတီးတယ်၊ တခါတလေကျရင် ကတယ်၊ များသောအားဖြင့် ဒီမှာတော့ ဗမာကလေးတွေ၊ ဒါပေမဲ့ ဒီ့ပြင်နိုင်ငံကလည်း ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေပေါ့နော်။”

လာရောက် ကြည့်ရှုသူတွေကလည်း စိတ်ဝင်တစား အားပေး လှူဒါန်းကြတယ်လို့ ကိုယ်တိုင် ပါဝင်နေတဲ့ ရှစ်တန်းကျောင်းသူ မသီရိဝေလွင်က ပြောပါတယ်။

“သူတို့မေးတယ်၊ သြော် ဒါ ဗမာနိုင်ငံလား၊ ဗမာနိုင်ငံအတွက်လား၊ တချို့လူတွေက ဗန်ကောက်မှာ နေခဲ့ဘူးတယ်တဲ့။ ငါတို့သိတယ်တဲ့။ ဗမာပြည်ကိုတဲ့ ရောက်ဖူးတယ်တဲ့။ ပြီးတော့ သူတို့ ပိုက်ဆံတွေလည်း အများကြီး လှူသွားတယ်။ သမီးတို့ ဗမာပြည်အတွက် HIV အတွက် လှူချင်လို့ပေါ့နော်၊ သီရိတို့ ကလေးတွေက အများကြီး လာပြီးတော့ ဒီမှာ လာပြီးတော့ အဲလိုမျိုး ဆိုကြတယ်၊ ကကြတယ်၊ သီချင်းတွေနဲ့ ဖျော်ဖြေတယ်၊ အဲလိုမျိုး လုပ်ကြတယ်။”

ရန်ပုံငွေရှာဖွေပွဲကို အမေရိကန်ရောက် မြန်မာကလေးတွေ စုပေါင်း လှုပ်ရှားကြတာ ဖြစ်ပြီး အသက်အရွယ်အားဖြင့် ခြောက်နှစ်အရွယ် ကလေးတွေတောင် ပါဝင်တယ်လို့ သိရပါတယ်။ မြန်မာမိဘတွေ ကိုယ်တိုင်လည်း အားပေး ကူညီကြပါတယ်။

ရလာတဲ့ အလှူငွေတွေကို ပြည်တွင်းက လူမှုရေးအသင်းတွေက တဆင့် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။