ရွှေလီရောက် မြန်မာအလုပ်သမားတွေကို တရုတ်လုပ်ငန်းရှင်တွေက နေရပ်ပြန်ခိုင်း

RFA Burmese
2024.03.08
ရွှေလီရောက် မြန်မာအလုပ်သမားတွေကို တရုတ်လုပ်ငန်းရှင်တွေက နေရပ်ပြန်ခိုင်း ကျယ်ဂေါင်မြို့တွင် QR ကုတ်ရယူရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်။
Khin Mg Lwin

တရုတ်နိုင်ငံ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို လက်မခံဖို့ဆိုပြီး တရုတ်အာဏာပိုင်တွေဘက်က ဒီရက်ပိုင်းမှာ လုပ်ငန်းရှင်တွေကို လိုက်လံပြောဆိုတာကြောင့် မြန်မာအလုပ်သမားတွေကို တရုတ်လုပ်ငန်းရှင်တွေက နေရပ်ပြန်ခိုင်းနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက မတ်လ ၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။

“မင်းတို့ကို လက်ခံလို့ မရတော့ဘူး ။ မြန်မာအစိုးရဘက်က ပြန်ပို့ခိုင်းလို့ ပြန်ပို့ရမယ်လို့ ငါတို့ကို တာဝန်ရှိသူတွေကပြောတယ်။ စိတ်မကောင်းပါဘူးဆိုပြီး ကျွန်တော်တို့ အလုပ်ရှင်ကပြောတယ်။ တချို့ကို နယ်စပ်ဂိတ်အထိ လိုက်ပို့ပေးတာရှိတယ်။ တချို့ကျတော့ ကျသင့်ငွေရှင်းပေးပြီးသွားခိုင်းလိုက်တာ”

မြန်မာအလုပ်သမားတချို့ မူဆယ်မြို့ကို ပြန်လာတာရှိပေမယ့် တချို့ကတော့ အလုပ်ထပ်ရနိုင်ဖို့ မျှော်လင့်ချက်နဲ့ တရုတ်-မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှာ စောင့်ဆိုင်းနေကြသူတွေလည်းရှိတယ်လို့ မူဆယ်ဒေသံတစ်ဦးက ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်ကနေ တရုတ်နိုင်ငံ ရွှေလီမြို့ကို ခုနစ်ရက်နေထိုင်ခွင့်နဲ့ ဝင်ရောက်မယ့် မြန်မာနိုင်ငံသားတွေကိုလည်း မတ်လ ၅ ရက်နေ့ကစလို့ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ရှိမှသာ တရုတ် နိုင်ငံဘက်က ဝင်ရောက်ခွင့်ပြုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုစည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြီးနောက်ပိုင်း တရုတ်နိုင်ငံထဲက အလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေကိုပါ လက်မခံတော့တာလို့လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။


တရုတ်-မြန်မာ နယ်စပ်ဖြတ်သန်းခွင့်ကို ခြောက်ညအိပ် ခုနစ်ရက်သက်တမ်းရှိတဲ့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်တွေ ထုတ်ပေးတာပါ။ နေထိုင်ခွင့် သက်တမ်းလွန်နေတဲ့ မြန်မာနိုင်ငံသားတွေကို အခုရက်ပိုင်းမှာ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နယ်စပ်ဂိတ်ပေါက်တွေက မကြာခဏဆိုသလို ပြန်ပို့နေတယ်လို့ မူဆယ်ဒေသခံ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။