သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သြစတြေလျ နိုင်ငံခြားရေးဝန်ကြီး Kevin Rudd ဟာ သောကြာနေ့က နေပြည်တော်ကို သွားရောက်ပြီး သမ္မတဦးသိန်းစိန်နဲ့ရော ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

2011.07.02

ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မြန်မာအစိုးရ အသံလွှင့်ဌာနက ကြေညာခဲ့ခြင်း မရှိပါဘူး။

Mr. Rudd ဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးတက်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Mr. Rudd မြန်မာနိုင်ငံကို သွားရောက်တာနဲ့ ပတ်သက်ပြီး သြစတြေလျနိုင်ငံ Sydney အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign Australia- BCA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမြင့်ချိုက အခုလို ပြောပါတယ်။

“သြစတြေလျရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒမှာ အဓိကအချက် ၃ ချက်ရှိတယ်။ သံတမန်ရေးအရ တိုက်ရိုက် ထိတွေ့ဆက်ဆံပြီးတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို ငြင်းဆန်နေတာတွေ၊ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ပျက်ကွက်နေတာတွေကို ဝေဖန် ထောက်ပြဖို့ဖြစ်တယ်။ ဒါကြောင့်မို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ အချင်းချင်း တိုက်ရိုက်ပြောဆို ဆက်ဆံတဲ့အတွက် အခုဆိုရင် ကြံ့ဖွံ့အစိုးရ သမ္မတဦးသိန်းစိန်တို့၊ ပြည်ထောင်စုဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့ တွေ့ဆုံဆွေးနွေးတာဖြစ်တယ်။ ဒီလို တိုက်တွန်း တောင်းဆိုတာတွေကို သြစတြေလျ အစိုးရက တိုက်ရိုက်ပြောဆိုပေမယ့် တဘက်က မလိုက်နာဘူး၊ ငြင်းဆန်နေမယ် ဆိုရင်တော့ အဲဒါတွေကို အရေးယူဒဏ်ခတ်တဲ့ ပစ်မှတ်ထား အရေးယူမှုတွေကိုလည်း လုပ်ပါတယ်”

မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် သြစတြေလျက နှစ်စဉ် ကူညီထောက်ပံ့ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၉သန်း တိုးမြင့်ပေးခဲ့ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ မြန်မာနိုင်ငံကို အကူအညီ ဒေါ်လာ ၄၇ သန်း တိုးပေးမယ်လို့လည်း သတင်းတွေထဲမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။