၂၀၁၅ အထိ လျှပ်စစ်လိုအပ်ချက် ရှိနေဦးမယ်လို့ လျှပ်စစ်ဝန်ကြီးပြောကြား


2013.11.22
electric-305.jpg မီတာခတိုးမြှင့်သတ်မှတ်လိုက်တာကို ကန့်ကွက်တဲ့ပြည်သူများ က နိုဝင်ဘာလ ၇ ရက်နေ့က ရန်ကုန်မြို့ မြေနီကုန်းကနေ အလုံမြို့နယ် လျှပ်စစ်ဝန်ကြီးဌာနရုံးအထိ ဖယောင်းတိုင် ထွန်းပြီး လမ်းလျှောက်ဆန္ဒပြခဲ့စဉ်
photo: RFA/ Kyaw Zaw Win

မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ လာမယ့် ၂၀၁၅ မတိုင်ခင်အထိ ဖူလုံမှုရှိဦးမှာမဟုတ်ဘဲ နှစ်စဉ် ၃၀၀ မဂ္ဂါဝပ်လောက် ထပ်တိုးပြီးလိုနေဦးမှာဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာပြုလုပ်တဲ့ အမျိုးသားလျှပ်စစ်မီးဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲမှာ အခုလိုပြောဆိုလိုက်တာပါ။

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ အကုူညီတွေနဲ့ တည်ဆောက်နေတဲ့ လျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်းတွေ ပြီးစီးခဲ့မယ်ဆိုရင်တောင် ၂၀၁၅ ခုနစ်လောက်အထိ နှစ်စဉ် မဂ္ဂါဝပ် ၃၀၀ လောက် လိုနေဦးမှာဖြစ်တယ်လို့ ဝန်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မြန်မာနိုင်ငံရဲ့ အိမ်ထောင်စု စုစုပေါင်း ၃၀ ရာခိုင်နှုန်းသာ လျှပ်စစ်မီးရရှိနေပြီး ပုဂ္ဂလိကအစီအစဉ်နဲ့ လျှပ်စစ်ဓာတ်အားပေးတဲ့ နေရာဒေသတွေမှာ လျှပ်စစ်ဓာတ်အားခနှုန်းထားတွေ ကြီးမြင့်နေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာရှိတဲ့ ကျေးရွာတွေရဲ့ ၃၆ ရာခိုင်နှုန်းခန့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်နေပြီလို့လည်း သိရပါတယ်။

နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ မြန်မာနိုင်ငံ အမျိုးသားလျှပ်စစ်မီးဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲဟာ ဒုတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး၊ ဒီဆွေးနွေးပွဲကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မွေးမြူရေး၊  ရေလုပ်ငန်း နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။