ဘုတလင်မှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၇ ဦးအထိရှိလာ

RFA Burmese
2024.10.14
ဘုတလင်မှာ သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၇ ဦးအထိရှိလာ စစ်ကိုင်းတိုင်း ဘုတလင်မြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ အောက်တိုဘာလ ၁၁ ရက်ကနေ ၁၃ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်က မြို့ပေါ်နဲ့ ရွာတွေထဲ စီးနင်းပြီးနောက် သတ်ဖြတ်ခံရတဲ့ အရပ်သား ၁၇ ဦးအထိရှိလာပြီလို့ဒေသခံတွေက RFA ကို ပြောပါတယ်။

အင်အား တစ်ရာခန့်ရှိတဲ့ စစ်ကောင်စီရဲ့ တပ်မ ၃၃ စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့တာဖြစ်ပြီး ဘုတလင်မြို့က ကလေးငယ်တွေအပါအဝင် မိသားစုဝင် ခြောက်ဦး၊ မြောက်ကြည်ရွာက စစ်ဘေး ဒုက္ခသည်တွေနဲ့ ဒေသခံ ဆယ်ဦး အပြင် တက်လှိုင်းရွာက အသက် ၇၀ အရွယ် အမျိုးသမီး တစ်ဦး သတ်ဖြတ်ခံရတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင်မြို့ခံ တစ်ဦးကတော့ သေဆုံးသူတွေမှာ သေနတ်ဒဏ်ရာနဲ့ တွေ့ရသလို တချို့ကို ညှဉ်းပန်းထားတဲ့ဒဏ်ရာတွေ တွေ့ရတယ်လို့ RFA ကို ပြောပါတယ်။

“မြောက်ကြည်မှာ အမျိုးသား၊ အမျိုးသမီး ခုနှစ်လောင်းဗျ။ ပြည်သူတွေကို သတ်ထားတာ အလောင်း ခုနှစ်လောင်းတွေ့တယ်။ ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာဒဏ်ချက်တွေလည်း ရှိတယ်ဗျာ။ ဒီသေနတ်နဲ့ပစ်ထားတဲ့ ဒဏ်ရာလည်းရှိတယ်ဗျာ။ သေနတ်နဲ့ပစ်ပြီး သတ်ရုံတင်မဟုတ်ဘူး ညှင်းပန်းနှိပ်စက်ပြီး သတ်တာ။ ရုပ်အလောင်းတွေကတော့ တော်တော်လေးကို ရုပ်ပျက်ဆင်းပျက် တွေ့ရတာပေါ့”

သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး နယ်မြေလုံခြုံရေးအခြေအနေရ သွားလာလို့မရတဲ့ နေရာတွေရှိနေသေးတယ်လို့ သူက ပြောပါတယ်။

မြောက်ကြည်ရွာမှာ အောက်တိုဘာလ ၁၁ ရက်နေ့က အသက် ၅၀ ကျော်အရွယ် ဦးကျော်ဆင့် အပါအဝင် အရပ်သား သုံးဦးကို စစ်ကောင်စီစစ်ကြောင်းက ပစ်သတ်သွားသလို အောက်တိုဘာ ၁၂ ရက်နေ့ ညက အရပ်သား ခုနှစ်ဦးကို ထပ်မံသတ်ဖြတ်ခံရတာပါ။

ဒီ့အပြင် ဘုတလင်မြို့၊ ဗန္ဓုလရပ်ကွက်မှာရှိတဲ့ ဦးဖိုးကြာရဲ့ ကုန်စုံဆိုင်ကို အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၃ နာရီဝန်းကျင်က ဝင်ရောက်ပြီး နေအိမ်က မိသားစုဝင် ခြောက်ဦးကို သတ်ဖြတ်သွားပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့မှာလည်း တက်လှိုင်းရွာက အသက်ခုနစ်ဆယ်အရွယ် အမျိုးသမီး တစ်ဦး သတ်ဖြတ်ခံရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က အောက်တိုဘာ ၁၄ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်မ ၃၃ စစ်ကြောင်းဟာ ဘုတလင်မြို့မှာ အထိုင်ချတပ်စွဲထားပြီး ဘုတလင်မြို့အပါအဝင် အနီးဝန်းကျင်က ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ စစ်ကြောင်းထိုးတာတွေလုပ်နေသလို အမျိုးသမီးနဲ့ အမျိုးသား ငါးဆယ်ကျော်ကို ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့က ဘုတလင်မြို့နယ် စီပါရွာအနီးမှာ စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခံရမှုကြောင့် သုံးဆယ်ကျော် သေဆုံးပြီး လေးဆယ်ကျော် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က တစ်ကျော့ပြန်စစ်ကြောင်းထိုးနေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၁ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ ခြောက်ထောင်ခန့် (၅,၈၁၆ ဦး) ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။