စစ်ကောင်စီတပ်ဝင်စီးပြီးနောက် ဘုတလင် ဗကသဥက္ကဋ္ဌအပါအဝင် သုံးဦးသေဆုံး

RFA Burmese
2023.07.28
စစ်ကောင်စီတပ်ဝင်စီးပြီးနောက် ဘုတလင် ဗကသဥက္ကဋ္ဌအပါအဝင် သုံးဦးသေဆုံး စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့သည့် ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာမှ ဗကသရုံးခန်းအား တွေ့ရစဉ်။
ဗကသများအဖွဲ့ချုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာနဲ့ စိုင်ပြင်ရွာကို ဇူလိုင်လ ၂၈ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ဗကသဥက္ကဋ္ဌ အပါအဝင် သုံးဦးထက်မနည်း အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က ဒီနေ့မနက် ၄ နာရီလောက်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ညောင်ကန်နဲ့ စိုင်ပြင်ရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

ညောင်ကန်ရွာထဲမှာ ဖွင့်လှစ်ထားတဲ့ မြို့နယ်ဗကသရုံးခန်းပါ စီးနင်းခံခဲ့တဲ့ရတဲ့အတွက် အသက် ၁၈ နှစ်ဝန်းကျင်အရွယ် ဘုတလင်မြို့နယ် ဗကသ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး သုံးဦး အသတ်ခံခဲ့ရတာလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဗကသရုံး ဝင်စီးခံရတာက ညောင်ကန်ရွာက ရုံးပါ။ မနက် ၄ နာရီကနေစပြီး ဝင်စီးတာ မနက် ၁၀လောက်ထိဖြစ်မယ်။ ဗကသကတော့ သုံးဦးကျတယ်။ နာမည်ကတော့ လောလောဆယ် မထုတ်ပြန်သေးဘူး။ အသက်ကတော့ အခြေခံ အထက်တန်း ကျောင်းသားတွေ ဖြစ်တဲ့အတွက် အသက် ၁၈ ဝန်းကျင်တွေပါ။ ပြည်သူထဲကလည်း ကျဆုံးတာ၊ ဖမ်းဆီးခံရတာတွေရှိတယ်လို့ သိရတယ်။ အတည်မပြုနိုင်သေးဘူး။ စိုင်ပြင်ရွာလည်း စီးနင်းခံရတယ်။ ဒီရွာကတော့ ညောင်ကန်ဘေးပတ်ဝန်းကျင်ကရွာလို့ သိထားပါတယ်”

ညောင်ကန်ရွာကို အဓိကထား စီးနင်းတာဖြစ်တဲ့အတွက် နေအိမ်တွေ မီးရှို့ခံရတာတွေ လည်း ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ညောင်ကန် ဒေသခံတစ်ဦးက ပြောပါတယ်။

“ညောင်ကန်ထဲတော့ အိမ်တွေ မီးရှို့သွားပြီ။ အကုန်ပြေးနေရတာပေါ့။ ပြည်သူ သုံးဦးလောက်ရှိတယ်လို့ပြောတယ် အသတ်ခံရတာ။ ဖမ်းခံရတာတွေလည်း ရှိတယ်ကြားတယ်။ အခြေအနေက ရုန်းရင်းဆန်ခတ်ဆိုတော့ သေချာမသိသေးဘူး။ စိုင်ပြင်ဘက်မှာလည်း စာသင်ကျောင်းကို မီးတင်သွားတယ်”

ရွာနှစ်ရွာကို စီးနင်းဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်တာတွေရှိနေပြီး လက်ရှိမှာ စစ်ကောင်စီ စစ်ကြောင်းကို ရှာဖွေတိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အခြေအနေကိုတော့ အတိအကျပြောလို့ မရသေးဘူး။ စစ်ကြောင်းရှာပြီး တိုက်နေတယ်။ ရွာသားတွေ အဖမ်းခံရတာ၊ အသတ်ခံရတာတော့ ကြားတယ်။ အခုထိ သေချာ မသိသေးဘူး”

လက်ရှိမှာတော့ ညောင်ကန်ရွာနဲ့ စိုင်ပြင်ရွာက ဒေသခံတွေ ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူက ပြောပါတယ်။

အခုလို ရွာနှစ်ရွာကို စစ်ကောင်စီဘက်က စီးနင်းဝင်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သီးခြားသတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။