မြန်မာပြည်သူများကို စာနာမှု အကူအညီ ပိုပေးရေး ဗြိတိန် စဉ်းစား
2010.09.16

Burma Campaign UK အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mark Farmaner ၊ အဖွဲ့ဝင်တွေဖြစ်တဲ့ မဇိုယာဖန်းနဲ့ ကရင်နီ တိုင်းရင်းသား မိုဘူတို့ ၃ ဦးက ဗြိတိန်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာနရဲ့ ဝန်ကြီး Mr. Andrew Mitchell ကို စက်တင်ဘာ ၁၄ ရက် အင်္ဂါနေ့ မနက်ပိုင်းက လန်ဒန်မြို့မှာ သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိုမိုထောက်ပံ့ဖို့ တင်ပြခဲ့တဲ့နောက် အခုလို သိခဲ့ရတာ ဖြစ်ပါတယ်။
လာမဲ့ အောက်တိုဘာလမှာ အစိုးရရဲ့ ဘဏ္ဍာရေး ခွဲဝေသုံးစွဲမှု သတ်မှတ်မှာ ဖြစ်ပြီး အဲဒီအခါမှာ မြန်မာနိုင်ငံကို ပိုပေးဖို့ တင်ပြခဲ့ကြတာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မဇိုယာဖန်းက RFA ကို အခုလို ပြောပါတယ်။
“လာမဲ့ အောက်တိုဘာကျရင် ဗြိတိန်အစိုးရက မြန်မာပြည်အပေါ်မှာ သူတို့ ကူညီမှုတွေကို သူတို့က ပရောဂျက် လုပ်မယ်ဆိုတော့ ကျွန်မတို့က မြန်မာပြည်အတွက် humanitarian aid ဒီထက် ပိုပြီးတော့ တိုးပေးအောင်ပေါ့နော်၊ ကျွန်မတို့က တောင်းဆိုတာ ဖြစ်ပါတယ်။ အဓိကကတော့ ပြည်တွင်းထဲမှာ ရှိနေတဲ့ ပြည်သူလူထုတွေကို ကူညီပေးနေတဲ့ လူမှုရေး အသင်း၊ အဖွဲ့အစည်းတွေပေါ့နော်၊ ပြီးတော့ တဆက်တည်းမှာပဲ နယ်စပ်မှာ ရှိနေတဲ့ ဒုက္ခသည်တွေရော၊ ပြီးတော့ တိုင်းရင်းသား နေရာဒေသမှာ ရှိနေတဲ့ ရွာပုန်းရွာရှောင်ပေါ့နော်၊ ဒီ တောထဲမှာ ပုန်းအောင်းနေရတဲ့ ပြည်တွင်း ဒုက္ခသည်တွေအတွက်လည်း သူတို့နဲ့ ပတ်သက်တဲ့ တဆင့် ကူညီမှုတွေ ပေးဖို့ပေါ့နော်၊ ကျွန်မတို့ အဓိက တောင်းဆိုတာ ဖြစ်ပါတယ်။”
ဗြိတိသျှဝန်ကြီး Mr. Andrew Mitchell ကလဲ မြန်မာပြည်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ကူညီလိုစိတ် အမြဲရှိနေတယ်လို့ ပြောကြောင်း မဇိုယာဖန်းက ပြောပါတယ်။
ဗြိတိန်အစိုးရဟာ မြန်မာကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိကာလမှာ တနှစ်ကို ပေါင်စတာလင် ၂၅ သန်း ပေးနေတယ်လို့ သိရပါတယ်။